International News

ဖိလစ်ပိုင်ငွေကြေးသက်သေခံလက်မှတ်လုပ်ငန်းသည် MSMEs လုပ်ငန်းများအား စာရင်းစစ် စစ်ဆေးပြီး ဘဏ္ဍာရေးရှင်းတမ်းလိုအပ်ချက်အား ဖြေလျှော့ပေးလို

Last Updated:

ဖိလစ်ပိုင်နိုင်ငံ၏မူဝါဒအရ တစ်ဦးပိုင်၊ အများပိုင်ကုမ္ပဏီများအားလုံးသည် ဖိလစ်ပိုင်ငွေကြေးသက်သေခံလက်မှတ်လုပ်ငန်း(Securities and Exchange Commission–SEC)ထံတွင် ကုမ္ပဏီမှတ်ပုံတင်ခြင်းလုပ်ငန်းကို လုပ်ဆောင်ရပါကြောင်း၊ SEC မှ စုစုပေါင်းပေးရန်တာဝန်နှင့် ရရန်ပိုင်ခွင့် ပီဆို ၃ သန်းနှင့်အောက်ပမာဏရှိ  ဖိလစ်ပိုင် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း (MSMEs)များအား စာရင်းစစ် စစ်ဆေးပြီး ဘဏ္ဍာရေးရှင်းတမ်းတင်ပြစေရန်အချက်အား ဖြေလျှော့ ပေးလိုကြောင်းဖော်ပြထားပါသည်။ (၃-၁၁-၂၀၂၅)ရက်နေ့ကထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်တွင် SEC သည် ဖိလစ်ပိုင်ဘဏ္ဍာရေးဝန်ကြီးဌာန(Department of Finance)သို့ စုစုပေါင်းပေးရန် တာဝန် နှင့် ရရန်ပိုင်ခွင့် ပီဆို ၃ သန်းအောက်ပမာဏရှိလုပ်ငန်းများအနေဖြင့် နှစ်စဉ် ဘဏ္ဍာရေးရှင်းတမ်း တင်ပြရာတွင် စာရင်းစစ် စစ်ဆေးပြီးအစီရင်ခံတင်ပြရမည့်အစား အစိုးရအသိအမှတ်ပြုလက်မှတ်ရ ၎င်းတို့ကုမ္ပဏီ၏ ဘဏ္ဍာရေးအရာရှိချုပ်(Chief Financial Officer–CFO) သို့မဟုတ် ဘဏ္ဍာရေးမှူး(Treasurer)မှ စစ်ဆေးထားရှိသည့် ဘဏ္ဍာရေးရှင်းတမ်းအား တင်ပြနိုင်ကြောင်း ဖော်ပြပါရှိပါသည်။

ပြင်ဆင်ထားရှိသည့် Revised Corporation Code–RCC တွင် စုစုပေါင်းရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန် ပီဆို ၆ သန်းအနည်းဆုံးရှိသော လုပ်ငန်းများသည် လွတ်လပ်သော ပြည်သူ့စာရင်းကိုင်များမှ စစ်ဆေးအတည်ပြု ထားသည့် ဘဏ္ဍာရေးရှင်းတမ်းအား နှစ်စဉ်တင်ပြရမည်ဖြစ်ပါသည်။ SEC  မှ ပြင်ဆင်ပြဋ္ဌာန်းမည့် နည်းဥပဒေ၊ စည်းမျဉ်းများအား ဘဏ္ဍာရေးဝန်ကြီးဌာမှ ဆုံးဖြတ်ပေးရမည့် အခွင့်အာဏာရှိပါကြောင်း၊ SEC ဥက္ကဋ္ဌဖြစ်သူ Francis Lim ၏သတင်းထုတ်ပြန်ချက်တွင် MSMEs များသည် ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးအတွက် ကျောရိုးအဖြစ် တည်ရှိနေပြီး အရေး ကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်သဖြင့် ၎င်းတို့အတွက် လွယ်ကူရိုးရှင်းစွာလုပ်ငန်းဆောင်ရွက်နိုင်စေရန် ဖြေလျှော့ပေးမှုများ ဆောင်ရွက်ပေးရန်မှာ အရေးကြီးကြောင်း ပြောကြားခဲ့ပါသည်။

ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိန်း ဂဏန်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်အတွင် လုပ်ငန်းမှတ်ပုံတင်သည့်ပမာဏ၏ ၉၉.၆၃% မှာ MSMEs လုပ်ငန်းများဖြစ်ပါကြောင်း၊ အဆိုပါပမာဏအနက် ၉၀.၆၆% မှာ စုစုပေါင်းရရန်ပိုင်ခွင့်နှင့် ပေးရန် တာဝန် ပီဆို ၃ သန်းခန့်သာရှိသည့် အသေးစားစီးပွားရေးလုပ်ငန်းများဖြစ်ပြီး ၈.၆၀% မှာ ပီဆို ၃ သန်းမှ ၁၅ သန်းကြားရှိသည့် အငယ်စားစီးပွားရေးလုပ်ငန်းများဖြစ်ပါကြောင်း၊ ကျန်ရှိသည့် ၀.၃၇% မှာ ပီဆို ၁၅ သန်းမှ သန်း ၁၀၀ ကြားရှိသည့် အလတ်စားစီးပွားရေးလုပ်ငန်းများဖြစ် ကြောင်း ဖော်ပြထားပါသည်။

Source; https://www.gmanetwork.com/news/money/companies/964668/sec-wants-msmes-exempted-from-audited-financial-statement-requirement/story

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News