International News

အိန္ဒိယသည် ပြည်တွင်းထုတ်လုပ်မှုလုံလောက်နေသောကြောင့် မြန်မာမှ ပဲတီစိမ်းနှင့် ပြောင်း တင်သွင်းမှုတိုးလာခြင်းကို တားဆီးနိုင်

Last Updated:

ကမ္ဘာ၏ လူဦးရေအထူထပ်ဆုံးနိုင်ငံဖြစ်သော အိန္ဒိယသို့ များစွာသောနိုင်ငံများက ရောင်းချလိုသည့် ပဲတီစိမ်း(Moong)နှင့် ပြောင်း(Maize) များအတွက် အိန္ဒိယ၏ သွင်းကုန်မူဝါဒကို  ပြည်တွင်း၌ ထုတ်လုပ်မှုများလုံလောက်နေမှုက လွှမ်းမိုးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံမှ ဝန်ကြီးအဆင့်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ပဲမျိုးစုံကုန်သွယ်ရေးနှင့် မတ်ပဲနှင့် ပဲစဉ်းငုံကုန်သွယ်ရေးသဘောတူစာချုပ်(MoU)ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရန် လွန်ခဲ့သောအပတ်က အိန္ဒိယအစိုးရအရာရှိများနှင့် တွေ့ဆုံခဲ့ကြောင်း CNBC-TV18 သတင်းဌာနက ဖော်ပြထား သည်ကို တွေ့ရှိရပါသည်။

မြန်မာနိုင်ငံက ၎င်း၏ပြည်တွင်းစိုက်ပျိုးရေးတိုးမြှင့်ရန် သဘောတူစာချုပ်တွင် ပဲတီစိမ်းနှင့် ပြောင်းဖူးပါဝင်ရေးအဆိုပြုခဲ့သော်လည်း အိန္ဒိယအစိုးရက အစိုးပါသီးနှံများသည် ပြည်တွင်းထုတ်လုပ်မှု လုံလောက်မှုရှိခြင်းကြောင့် သဘောတူစာချုပ်တွင် ထည့်သွင်းရန်စိတ်ဝင်စားမှုမရှိကြောင်း အစိုးရသတင်းအရင်းအမြစ်များက ညွှန်းဆိုခဲ့သည်။

ငါးနှစ်သဘောတူစာချုပ်အရ အိန္ဒိယနိုင်ငံသည် ၂၀၂၁-၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အထိ မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် ၂.၅ သိန်းနှင့် ပဲစဉ်းငုံတန်ချိန် ၁ သိန်း အထူးသွင်းခွင့်ပြုထားသည်။ သို့ရာတွင် အစိုးရဆိုင်ရာ အရင်းအမြစ်များအရ မြန်မာနိုင်ငံမှ တင်သွင်းသည့် မတ်ပဲနှင့် ပဲစဉ်းငုံပမာဏများသည် နှစ်စဉ်သဘောတူချက်ထားရှိသည့် ပမာဏထက် နှစ်စဉ်ပိုမိုနေကြောင်း၊ အိန္ဒိယနိုင်ငံသည် ၂၀၂၁ ခုနှစ် မေလမှစတင်၍ မတ်ပဲနှင့် ပဲစဉ်းငုံများကို ကန့်သတ်ချက်မရှိ တင်သွင်းခွင့်ပြုခဲ့ပြီး ယခုအခါ ဤမူဝါဒကို ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ တိုးမြှင့်ထားကြောင်း သိရှိရသည်။

၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၂.၁ ဘီလီယံရှိခဲ့ပြီး အိန္ဒိယမှ မြန်မာနိုင်ငံသို့ တင်ပို့မှုသည် ဒေါ်လာ ၆၁၄ သန်းကျော်သာရှိသော်လည်း  မြန်မာမှ တင်သွင်းမှုသည် ဒေါ်လာ ၁၅၃၃ သန်းခန့်ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ အိန္ဒိယသို့ တင်ပို့မှုသည် အိန္ဒိယမှ မြန်မာသို့ တင်ပို့မှုထက် ပိုမိုမြင့်တက်လာခြင်းမှာ အိန္ဒိယအစိုးက မတ်ပဲနှင့်ပဲစဉ်းငုံတို့ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ ကန့်သတ်ချက်မရှိတင်သွင်းခွင့် ကြေညာခဲ့ပြီးနောက်ပိုင်းတွင် ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ ထပ်မံတိုးချဲ့ခဲ့သောကြောင့်ဖြစ်ပါကြောင်း၊ စုစုပေါင်းနှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ၁.၂၉ ဘီလီယံမှ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်တွင် ၁.၈၉ ဘီလီယံ၊ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ၁.၇၆ ဘီလီယံနှင့် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ၁.၇၄ ဘီလီယံအထိ တိုးတက်လာခဲ့ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။

အိန္ဒိယသည် မြန်မာနိုင်ငံ၏ စတုတ္ထမြောက်အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပါကြောင်း၊  အိန္ဒိယသည် မြန်မာနိုင်ငံသို့ ဆေးဝါးများ၊ တိရစ္ဆာန်မှထွက်ကုန်များ၊ကောက်ပဲသီးနှံများ၊ အစားအသောက်ပစ္စည်းများ၊ တိရစ္ဆာန်အစာများ၊ ဝါဂွမ်း၊ စက်ပစ္စည်းများ၊ မော်တော်ယာဉ်များနှင့် လျှပ်စစ်စက်ကိရိယာများအဓိကတင်ပို့လျက်ရှိပြီး တစ်ဖက်တွင်မူ မြန်မာနိုင်ငံမှ အိန္ဒိယသို့ ပဲမျိုးစုံ၊ သစ်ထွက်ပစ္စည်းများနှင့် စိုက်ပျိုးရေးထွက်ကုန်များတင်ပို့လျက်ရှိကြောင်း ဖော်ပြထားသည်ကိုတွေ့ရှိရသည်။

Source: India resists rise in moong, maize imports from Myanmar due to ample domestic production, CNBC TV 18, 3 November, 2025.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News