ဒေသတွင်းထောက်ပံ့ပို့ဆောင်ရေးအရှိန်အဟုန်ကို မြှင့်တင်ရန်နှင့် အိန္ဒိယ-အရှေ့အလယ်ပိုင်း-ဥရောပဒေသများအကြား စီးပွားရေးလမ်းကြောင်း(IMEEC)ကိုဖော်ဆောင်ရန်ရည်ရွယ်သည့် အဆင့်မြင့်အစည်းအဝေးအပြီးတွင် ဒူဘိုင်းအကောက်ခွန်ဌာနမှ အိန္ဒိယနှင့်၎င်း၏ ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်အတွက် ဆွေးနွေးပွဲတစ်ရပ်ကို ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။
အိန္ဒိယနိုင်ငံ၏စနစ်များနှင့် အချက်အလက်စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ် Arti Agarwal Srinivas ဦးဆောင်သည့် အိန္ဒိယနိုင်ငံမှကိုယ်စားလှယ်အဖွဲ့သည် ညွှန်ကြားရေးမှူးချုပ် Dr. Abdulla Busenad ပါဝင်သည့် ဒူဘိုင်းအကောက် ခွန်အရာရှိများနှင့်တွေ့ဆုံကာ အကောက်ခွန်ဆိုင်ရာပံ့ပိုးကူညီမှု၊ ဒစ်ဂျစ်တယ်အချက်အလက်ဖလှယ်မှုနှင့် ထောက်ပံ့မှုကွင်းဆက်ထိရောက်မှုတို့ကို ဆွေးနွေးခဲ့ကြပြီး DP World သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ ကိုယ်စားလှယ်များကလည်း အဆိုပါဆွေးနွေးပွဲတွင် တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါဆွေးနွေးပွဲတွင် MENAဒေသတွင်းနိုင်ငံများအကြား ကုန်သွယ်မှုအားကောင်းစေရေး၊ ရှင်းလင်းရေးလုပ်ထုံးလုပ်နည်းများချောမွေ့စေရေးနှင့် နှစ်နိုင်ငံကုန်စည်စီးဆင်းမှုကို မြှင့်တင်ရန်အတွက် ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုများတိုးချဲ့နိုင်ရေးတို့အပေါ် အဓိကထားဆွေးနွေးခဲ့ကြပါသည်။ ဒူဘိုင်းမှ တာဝန်ရှိသူများက ဒူဘိုင်းစီးပွားရေးအစီအစဉ်၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဗဟိုအချက်အခြာဖြစ်လာစေရန် ဦးတည်ဆောင်ရွက်လျက်ရှိသည့် ၎င်းတို့၏ ကတိကဝတ်အပေါ် မီးမောင်းထိုးဖော်ပြခဲ့ကြပါသည်။
ဆွေးနွေးပွဲ၏အဓိကအစပျိုးမှုမှာ ယူအေအီးနိုင်ငံနှင့်အိန္ဒိယနိုင်ငံအကြား အကောက် ခွန်နှင့် ဆိပ်ကမ်းစနစ်များကို ပေါင်းစပ်ရန်ပုံစံထုတ်ထားသည့် တစ်ခုတည်းသောဒစ်ဂျစ်တယ်မျက်နှာပြင်ဖြစ်သည့် MAITRI လမ်းကြောင်းဖြစ်ပါသည်။ အဆိုပါလမ်း ကြောင်းသည် နှောင့်နှေးမှုနှင့်ကုန်ကျစရိတ်များကို လျှော့ချရန်၊ အချက်အလက်မျှဝေမှုကိုမြှင့်တင်ရန်နှင့် ထောက်ပံ့ပို့ဆောင်ရေးအခွင့်အလမ်းသစ်များကို ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားပါသည်။
နှစ်ဖက်စလုံးမှတာဝန်ရှိသူများက ၎င်းတို့၏မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို ထပ်မံအတည်ပြုခဲ့ကြပြီး အိန္ဒိယနိုင်ငံသည် အာရှ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် ဥရောပဒေသများတို့နှင့်ချိတ်ဆက်ပေးသည့် ကုန်သွယ်ရေးတံခါးပေါက်အဖြစ် ဒူဘိုင်း၏အရေးပါသောအခန်းကဏ္ဍကို အသိအမှတ်ပြုခဲ့ကြကြောင်း သတင်းဖော်ပြထားပါသည်။
News Source: Dubai Media Office
(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)