International News

တရုတ်ပြည်တွင်းမြို့တစ်မြို့၏ ပိုးလမ်းမသစ်မှတစ်ဆင့် အောင်မြင်မှုရရှိလာသည့် သွင်းကုန်များ

Last Updated:

တစ်ချိန်က ဟော့ပေါ့အစပ်ဖြင့် ကျော်ကြားခဲ့သည့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ စီရင်စုတစ်ခုဖြစ်သော စီချွမ်ပြည်နယ်တွင် “ဒူးရင်းလွတ်လပ်မှု”(durian freedom)ဟူသည့် စကားစုသစ်တစ်ခု ခေတ်စားလာသည်။ မကြာသေးမီက အညှောင်များဖြင့် အနံပြင်းသော “အသီးများ၏ဘုရင်”(king of fruits)ဟုဆိုရမည့် ဒူးရင်းသီးသည် တစ်ကီလို ဂရမ်လျှင် ယွမ် ၂၀၀( အမေရိကန်ဒေါ်လာ ၂၈ ခန့်)ဈေးရှိသည့် ဇိမ်ခံ ပစ္စည်းတစ်ခု(a luxury)အဖြစ် သတ်မှတ်ခံထားခဲ့ရသည်။ ယနေ့အချိန်တွင် တရုတ်-လာအို မီးရထားလမ်းတစ်လျှောက်ဖွံ့ဖြိုးလာသော အအေးခန်းသယ်ယူပို့ဆောင်ရေးစနစ်ကြောင့် ပြည်နယ်၏မြို့တော် ချန်ဒူးမြို့ (Chengdu)ရှိ စူပါမားကတ်များတွင် တစ်ကီလိုဂရမ်လျှင် ယွမ် ၄၄ ခန့်ဖြင့်သာ ရောင်းချလာနိုင်သည်။

ခရီးစဉ်အစသည် ထိုင်းနိုင်ငံအရှေ့ပိုင်းရှိ သစ်သီးဥယျာဉ်တစ်ခုတွင်ဖြစ် သည်။ လတ်လတ်ဆတ်ဆတ်ရိတ်သိမ်းထားသော မွန်သောင်းဒူးရင်းသီးများ(Monthong durians)ကို အအေးခန်းကုန်သေတ္တာများထဲသို့ ထည့်သွင်းပြီး ကုန်းလမ်းမှတစ်ဆင့် လာအိုနိုင်ငံသို့သယ်ဆောင်သည်။ ယင်းနောက် ဗီယင်ကျန်းတောင်ပိုင်းဘူတာရုံတွင် ဒူးရင်းသီးများကို အထူးပြုလုပ်ထားသော အအေးခန်းရထားတွဲများပေါ်သို့ တင်ဆောင်ကြသည်။ အအေးခန်းရထားတွဲများအတွင်း အပူချိန်ကို ၁၃ ဒီဂရီစင်တီဂရိတ်ခန့်၌ တည်ငြိမ်စွာထိန်းသိမ်းထားပြီး စိုထိုင်းဆစောင့်ကြည့်မှုများ (humidity monitors)ဖြင့် အသီးများ၏ လတ်ဆတ်မှုကို ထိန်းသိမ်းထားနိုင်သည်။ ယင်းတို့သည် သာမန်ရထားတွဲများမဟုတ်ပါ။ ရှည်လျား ၍ကြမ်းတမ်းသော လမ်းကြောင်းပေါ်တွင် အပူပိုင်းဒေသ၏ပူပြင်းမှုကို ခံနိုင်ရည်ရှိစေရန် အောက်ခံလေဝင်/လေထွက်စနစ်များနှင့် အပူကာပစ္စည်းများဖြင့် တပ်ဆင်မွမ်းမံထားသည့် ရထားတွဲများဖြစ်သည်။

ယခင်က အကောက်ခွန်ရှင်းလင်းရေးဆောင်ရွက်ရန် ရက်ပေါင်းများစွာ အချိန်ယူခဲ့ရသော်လည်း ယခုအခါ စာရွက်စာတမ်းများကို ကြိုတင်ကြေညာပြီး စစ်ဆေးခြင်းလုပ်ငန်းစဉ်များကို နယ်စပ်ဂိတ်တွင် မြန်ဆန်စွာတစ်ချိန်တည်း ဆောင်ရွက်ပေးလျက်ရှိသည်။ ချန်ဒူးအပြည်ပြည်ဆိုင်ရာ ရထားဂိတ်(Chengdu International Railway Port)တွင် ဒူးရင်းသီးအနံ့များဖြင့် လွှမ်းခြုံနေသည်။ ကွန်သေတ္တာများမှ ဒူးရင်းသီးများကို အထူးဖြန့်ဖြူးရေးစင်တာသို့ သယ်ဆောင်ရန် ကုန်တင်/ချဆောင်ရွက်နေကြသည်ကို တွေ့ရှိရ သည်။

ယခင်က ဒူးရင်းသီးကို ဇိမ်ခံပစ္စည်းတစ်ခုကဲ့သို့ ခံစားရပြီး အရည်အသွေးကိုလည်း မှန်းဆလို့မရကြောင်း၊ ယခုအခါ ကုန်သွယ်ရေးဂိတ်တိုင်းတွင် ဝယ်ယူနိုင်သည့်အပြင် လတ်ဆတ်ပြီး ဈေးနှုန်းချိုသာကြောင်း ဒေသခံဝယ်ယူသူတစ်ဦးဖြစ်သည့် Yang က ပြောကြားခဲ့သည်။ ပိုမိုချိုသာသော ဈေးနှုန်း နောက်ကွယ်တွင် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် ထိရောက်မှုဆိုင်ရာ ခေတ်မီစမ်းသပ်မှုတစ်ရပ် ရှိနေသည်။ တိုက်ရိုက်ဝယ်ယူခြင်း (direct procurement)၊ သီးသန့်တင်ပို့ခြင်း(dedicated shipment) နှင့်လက်လီရောင်းချခြင်း(port retail)တို့ပေါင်းစပ်ထားသော နည်းစနစ် ကိုအသုံးပြုခြင်းဖြင့် ချန်ဒူးမြို့သည် ဒူးရင်းသီး၏သယ်ယူပို့ဆောင်ချိန်ကို သုံးရက်မှ လေးရက်အထိသာကြာမြင့်အောင် ဆောင်ရွက်နိုင်ခဲ့သည်။

စီချွမ်လန်ဟွာ သွင်းကုန်၊ ပို့ကုန်ကုမ္ပဏီလီမိတက်(Sichuan Langhao Import &Export Group Co., Ltd)၏ အထွေထွေမန်နေဂျာ ဝမ်ဟောင် (Wang Hao)က ရထားလမ်းသယ်ယူပို့ဆောင်ရေးသည် ပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်ရေးထက် ၇၀ ရာခိုင်နှုန်းခန့် ပိုမိုမြန်ဆန်ပြီး ပုံမှန်ကုန်းလမ်း သယ်ယူပို့ဆောင်ရေးထက် ၅၀ ရာခိုင်နှုန်းခန့် ကုန်ကျ စရိတ်သက်သာကြောင်း ပြောကြားခဲ့သည်။

သို့ရာတွင် ဒူးရင်းသီးသည် သစ်သီးတစ်မျိုးသက်သက်မဟုတ်ဘဲ စက်မှုလုပ်ငန်းအသွင် ကူးပြောင်းရေးအတွက် အထောက်အကူ တစ်ခုဖြစ်လာခဲ့သည်။ ဆိပ်ကမ်းသည် ပင်လယ်ရပ်ခြားအရင်းမြစ်ရှာဖွေခြင်း(over seas sourcing)၊ ရထားလမ်းသယ်ယူပို့ဆောင်ရေး(rail transport)၊ အအေးခန်းသိုလှောင်မှုစနစ်(cold-chain warehousing)၊ လက်ကားရောင်းချခြင်း(wholesale)နှင့် လက်လီရောင်းချခြင်း(retail)တို့အပြင် အွန်လိုင်းရောင်းချခြင်းဆိုင်ရာ e-commerce တို့ပါဝင်သည့် ပေါင်းစပ်စနစ်တစ်ခုကို တည်ဆောက်လျက်ရှိသည်။ ယခုနှစ်အတွင်း ဒူးရင်းသီးသွင်းကုန်များစတင်ရောင်းချချိန်မှစ၍ ဆိပ်ကမ်းသည် ကုန်သွယ်မှုတန်ဖိုး ယွမ် ၁၅၀ သန်းကျော်ဖြင့် မှတ်တမ်းတင်ဆောင်ရွက်ပေးနိုင်ခဲ့သည်။ အပူပိုင်းဒေသသစ်သီးဖြန့်ဖြူးရေးစင်တာတစ်ခု(tropical fruit distribution center)ကိုလည်း လက်ရှိတွင် စီမံဖော်ဆောင်လျက်ရှိသည်။

ဤနည်းဗျူဟာသည် တရုတ်-ဥရောပကုန်တင်ရထားဝန်ဆောင်မှုဖြင့် အစောပိုင်းနှစ်များအတွင်း ကျင့်သုံးခဲ့သော ချန်ဒူးမြို့၏ ချဉ်းကပ်မှုကို တွေ့မြင်နိုင်သည်။ တရုတ်-ဥရောပစင်္ကြံကိုတည်ဆောက်ပြီးနောက် စက်မှုလုပ်ငန်းများကိုဆွဲဆောင်၍ နောက်ဆုံးတွင် ဂေဟစနစ်တစ်ခုကို ပြုစုပျိုးထောင်နိုင်ခဲ့သည်။ ယခင်က လာအိုနိုင်ငံမှ ရထားများသည် ကျောက်(stone)၊ ဓာတုပစ္စည်းများ(chemicals)နှင့် စက်ပစ္စည်းများကို သယ်ဆောင်ခဲ့ရာမှ ယခုအခါ အပူပိုင်းဒေသသစ်သီးများကိုပါ သယ်ဆောင်လာနိုင်ခဲ့သည်။ ယင်းသယ်ယူပို့ဆောင်ရေးနည်းလမ်းသည် စားသုံးသူများအတွက် ချိုသာစွာဝယ်ယူနိုင်ရေးကို ဖော်ဆောင်လာနိုင်သည့် မောင်းနှင်အားတစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။

အလားတူ ‌ဆယ်လ်မွန်ငါး(salmon)သည်လည်း ကိုယ်ပိုင်အံ့ဩဖွယ်ခရီးတစ်ခုကို စတင်လျက်ရှိသည်။ အာတိတ်စက်ဝိုင်းအနီး ရေခဲထူထပ်သောရေပြင်များမှ ဖမ်းဆီးရမိထားသော ဆယ်လ်မွန်ငါးများသည် ယခုအခါ ပင်လယ်ပြင်မှ ဝေးကွာသည့် ချန်ဒူးမြို့ရှိ ညစာစားပွဲပေါ်သို့ ၃၆ နာရီအတွင်း ရောက်ရှိနိုင်သည်။ ဘရပ်ဆဲလ်(Brussels)ကဲ့သို့သော ဥရောပဗဟိုနိုင်ငံများမှ ချန်ဒူးတျန်းဖူအပြည်ပြည်ဆိုင်ရာ လေဆိပ်(Chengdu Tianfu International Airport)သို့ လေကြောင်းမှ သယ်ဆောင်လာပြီး လတ်ဆတ်သော ကုန်စည်များအတွက် သီးသန့်ကင်းလွတ်ခွင့်လမ်းကြောင်း(dedicated green channel)မှတစ်ဆင့် သုံးနာရီအတွင်း အကောက်ခွန်ရှင်းလင်းရေးကို ဆောင်ရွက်နိုင်သည်။

ချန်ဒူးမှတစ်ဆင့် လစဉ် ဆယ်လ်မွန်ငါးတန်ချိန် ၅၆၀ ကျော်ဝင်ရောက်လာပြီး ၉၀ ရာခိုင်နှုန်း ကျော်ကို တရုတ်နိုင်ငံတစ်ဝှမ်းသို့ ဖြန့်ဖြူးလျက်ရှိကြောင်း တရုတ်အရှေ့ပိုင်းလေကြောင်းလိုင်း(China Eastern Airlines)၏ ဒုတိယအဆင့်လက်အောက်ခံ China Eastern Cold Chain ၏ Western cold chain fresh food port မှ စီမံကိန်းမန်နေဂျာ ကျန်းတုန်တုန်(Zhang Dongdong) က ပြောကြားခဲ့သည်။ ချန်ဒူးမြို့သည် အားကောင်းသော စားသုံးသူစျေးကွက်တစ်ခုဖြစ်သည်သာမက ကုန်သွယ်မှု၊ လေကြောင်းသယ်ယူပို့ဆောင်ရေး၊ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းတို့အတွက် ပြည့်စုံသော ဂေဟစနစ်တစ်ခုလည်းဖြစ်သည်။

ချန်ဒူးမြို့သည် တရုတ်နိုင်ငံအတွင်း အရေးပါဆုံးသော ဆယ်လ်မွန်စျေးကွက်တစ်ခုဖြစ်လာကြောင်း နော်ဝေငါးလုပ်ငန်းကောင်စီ(Norwegian Seafood Council)၏ တရုတ်နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Sigmund Bjorgo က ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း တရုတ်နိုင်ငံ၏ ဆယ်လ်မွန်တင်သွင်းမှုသည် ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၃၉ ရာခိုင်နှုန်းတိုးတက်လာခဲ့ပြီး ယခုနှစ် ဩဂုတ်လတွင် နော်ဝေနိုင်ငံ၏ တတိယအကြီးဆုံးပင်လယ်ထွက်ကုန်တင်ပို့သည့် စျေးကွက်တစ်ခုဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံ၏ တစ်ဦးချင်းစားသုံးမှု(per capita consumption) သည် ၀.၉ ကီလိုဂရမ်သာရှိသဖြင့် စျေးကွက်လိုအပ်ချက်အရ အလား အလာများစွာရှိနေသေးသည်။

ဆယ်လ်မွန်ငါးတင်သွင်းမှုသည် ဒေသဆိုင်ရာ ချက်ပြုတ်ဆိုင်ရာတီထွင်ဖန်တီးမှုကို လှုံ့ဆော်ပေးခဲ့သည်။ မကြာသေးမီက ကျင်းပခဲ့သော အစား အစာမြှင့်တင်ရေးပွဲတစ်ခုတွင် စီချွမ်ဟင်းချက်ပညာရှင်များသည် "ဆယ်လ်မွန်ငါးလိပ်အစပ်"(chili salmon rolls)နှင့် "စတော်ဘယ်ရီဆယ်လ်မွန်ဂျယ်လီ"(strawberry salmon jelly)ကဲ့သို့သော ဆန်းသစ်တီထွင်မှုများကိုမိတ်ဆက်ခဲ့ပြီး စီချွမ်စတိုင်ဆယ်လ်မွန်(Sichuan-style salmon) သည် အနာဂတ်တွင် ကိုယ်ပိုင်အမျိုးအစားတစ်ခုဖြစ်လာနိုင်ကြောင်း ညွှန်ပြနေသည်။

စီချွမ်ပြည်နယ်သည် ဒေသဆိုင်ရာ ဖြန့်ဖြူးရေးဗဟိုဌာနတစ်ခုတည်ဆောက်ရန်အတွက် ၎င်း၏ ဆယ်လ်မွန်စက်မှုလုပ်ငန်းကွင်းဆက် (its salmon industry chain)ကို ချဲ့ထွင်လျက်ရှိပြီး လက်ရှိတွင် စားဖိုဆောင်မြှင့်တင်ရေးအခြေစိုက်စခန်း(culinary promotion bases) ရှစ်ခုနှင့် ထုတ်လုပ်ရေးစင်တာနှစ်ခုဖြင့် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါစက်ရုံများအနေဖြင့် သန့်စင်ထားသော ဆယ်လ်မွန်ငါးနှင့် ဆယ်လ်မွန် စည်သွတ်ဘူးများကဲ့သို့သော တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်ပေးလျက်ရှိပြီး အမြတ်အစွန်းကို သိသိသာသာမြှင့်တင်ပေးနေကြောင်း ပြည်နယ်ကူးသန်းရောင်းဝယ်ရေးဌာန(provincial commerce department)က ပြောကြားခဲ့သည်။

တတိယမြောက်လျစ်လျူရှု၍မရသည့် သွင်းကုန်တစ်ခုမှာ ပီလောပီနံ (tapioca)ဖြစ်သည်။ လာအိုနိုင်ငံမှ အဓိကတင်သွင်းပြီး တရုတ်နိုင်ငံတွင် အလွန်လူကြိုက်များသော bubble tea အတွင်း ဝါးစရာ bubble များအဖြစ် အသုံးပြုသည်။ အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ပုံစံသစ်လက်ဖက်ရည်စျေးကွက်သည် ယွမ် ၃၅၀ ဘီလီယံကျော်ရှိခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ယွမ် ၃၇၅ ဘီလီယံနီးပါးရှိလာမည်ဟု ခန့်မှန်းထားသည်။

တရုတ်-လာအိုရထားလမ်းသည် သယ်ယူပို့ဆောင်ချိန်ကို သိသိသာသာလျှော့ချပေးပြီး ယခင်က ပိုမိုနှေးကွေးသော ပင်လယ်ရေကြောင်းလမ်း များကို အားထားခဲ့ရသည့် ပီလောပီနံကုန်သွယ်ရေးအတွက် ရင်းနှီးငွေများကို ချွေတာလာနိုင်ခဲ့သည်။ ချန်ဒူး-ချုံချင့်စီးပွားရေးဇုန်(Chengdu-Chongqing economic zone)အလယ်ဗဟိုတွင် တည်ရှိသော နန်ကျန်းမြို့(Neijiang)သည် ၎င်း၏ ပို့ဆောင်ရေးစင်တာ(its bonded logistics center)၏အားသာချက်များကို အသုံးချ၍ လာအိုနိုင်ငံမှ ပီလောပီနံများ တိုးချဲ့တင်သွင်းရန် ဆောင်ရွက်လျက်ရှိသည်။

နန်ကျန်းမြို့ရှိ ဒေသဆိုင်ရာကုမ္ပဏီတစ်ခုသည် ယခုနှစ်အတွင်း ပီလော ပီနံတန်ချိန် ၁,၅၉၀ ခန့်တင်သွင်းခဲ့ပြီး နောက်ထပ်တိုးချဲ့တင်သွင်းရန်လည်း စီစဉ်ထားသည်။ လာအိုနိုင်ငံမှ ရောင်းချသူများအတွက် ထိရောက်သော ရထားလမ်းဆက်သွယ်မှုသည် အရေးပါသော တံခါးပေါက်တစ်ခုအဖြစ် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး တရုတ်စျေးကွက်၏ ကြီးမားသော အလားအလာကို ရရှိစေခဲ့သည်။

အရင်းမြစ်။ https://en.people.cn/n3/2025/1011/c90000-20375443.html

(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: International News