ဂျပန်နိုင်ငံအစိုးရသည် လောင်စာဆီဈေးနှုန်းများမြင့်တက်မှုကြောင့်ဖြစ်ပေါ်လာသည့် သက်ရောက်မှုများအား လျော့ပါးသက်သာစေရန်ရည်ရွယ် ၍ ၂၀၂၆ ခုနှစ်အတွက် ဖြည့်စွက်ထပ်တိုးရန်ပုံငွေခွင့်ပြုပေးရန်စဉ်းစားလျက်ရှိကြောင်း The mainichi သတင်းဌာန၏ အွန်လိုင်းသတင်းတွင် “Japan gov't mulling extra budget for FY 2026 to ease impact of oil prices” ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါသတင်းတွင် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်ပေါ်လာသော ရေနံစိမ်းဈေးနှုန်းများမြင့်တက်လာခြင်းကြောင့် ပြည်သူလူထုအပေါ် သက်ရောက်မှုကို လျှော့ချနိုင်ရန် ဂျပန်နိုင်ငံအစိုးရသည် ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ထပ်တိုးရန်ပုံငွေခွင့်ပြုပေးနိုင်ရေးအတွက် ထည့်သွင်းစဉ်းစားလျက်ရှိကြောင်း ဖော်ပြထားပါသည်။
၂၀၂၆ ခုနှစ်၊ မတ်လမှစတင်၍ ပြည်တွင်းဓာတ်ဆီဈေးနှုန်းများကို တစ်လီတာလျှင် ယန်း ၁၇၀ ခန့်တွင် ထိန်းထားနိုင်ရေးအတွက် အစိုးရက ထောက်ပံ့ကြေးများပံ့ပိုးပေးခြင်းအပါအဝင် နေထိုင်စားသောက်မှု စရိတ်များမြင့်တက်လာခြင်းကို ရင်ဆိုင်နေရသည့် အိမ်ထောင်စုများ၏ ဝန်ထုပ်ဝန်ပိုးများလျော့ပါးသက်သာစေမည့် အစီအစဉ်များဆောင်ရွက်ရန် ဂျပန်နိုင်ငံသည် ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကျန်ရှိသည့် အရန် ရန်ပုံငွေများအပါအဝင် ယန်း ၁ ထရီလီယံ(ဒေါ်လာ ၆.၃ဘီလီယံ)ကိုအသုံးပြုခဲ့ပြီးဖြစ်ကြောင်း၊ အစိုးရသည် လာမည့်နွေရာသီတွင် လျှပ်စစ်နှင့်သဘာဝဓာတ်ငွေ့များအတွက်ပေးဆောင်ရာတွင် ထောက်ပံ့ကြေးများ ပြန်လည်စတင်ပေးအပ်ရန် စဉ်းစားလျက်ရှိကြောင်း ဖော်ပြထားပါ သည်။
နိုင်ငံတွင် အရန်ထားရှိသည့် ဘဏ္ဍာငွေများကုန်ဆုံးသွားမည်ကို စိုးရိမ်လျက်ရှိခြင်းကြောင့် အစိုးရနှင့် အတိုက်အခံပါတီတို့သည် ဖြည့်စွက်ထပ်တိုးရန်ပုံငွေထားရှိရန် တောင်းဆိုလာကြကြောင်း၊ အရှေ့အလယ်ပိုင်းဒေသပဋိပက္ခများ၏ အနာဂတ်တွင်ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများသည် မသေချာခြင်းကြောင့် ရေနံစိမ်းဈေးနှုန်းများဆက်လက်မြင့်မားနေပြီး ဓာတ်ဆီနှင့် အိမ်သုံးစရိတ်များအပေါ် ငွေကြေးဖောင်းပွသည့်ဖိအားကို တိုးစေခဲ့ကြောင်း၊ ဂျပန်ဝန်ကြီးချုပ် Sanae Takaichi သည် အရန်ရန်ပုံငွေများရှိသည့်အတွက် အပိုဆောင်းဘတ်ဂျက်တစ်ခုမလိုအပ်ဟု အကြိမ်ကြိမ်ပြောကြားခဲ့သော်လည်း လောင်စာဆီထောက်ပံ့ကြေးအတွက် ယန်းဘီလီယံရာပေါင်းများစွာကို လစဉ်ထုတ်ပေးရန် စီစဉ်ထားသည့်အတွက် ခွဲဝေပေးထားသော ရန်ပုံငွေများသည် ၂၀၂၆ ခုနှစ်၊ ဧပြီလကုန်တွင် ယန်း ၉၈၀ ဘီလီယံခန့်သာ ကျန်ရှိတော့ကြောင်း ဖော်ပြထားပါသည်။
Source: https://mainichi.jp/english/articles/20260514/p2g/00m/0na/018000c
(ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)