International News

ကမ္ဘာ့ဆန်ထုတ်လုပ်မှုသည် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်လျော့ကျမည်ဟု USDA ခန့်မှန်း

Last Updated:

ကမ္ဘာ့ဆန်ထုတ်လုပ်မှုသည် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် လျော့ကျလာမည်ဟုခန့်မှန်းထားပြီး၊ ကမ္ဘာ့အဓိကအစားအစာတစ်မျိုးဖြစ်သော ဆန်ရရှိနိုင်မှုပိုမိုကြပ်တည်းလာနိုင်ကြောင်း ဖော်ပြထားသည်။

လာမည့် ၂၀၂၆-၂၇ ရာသီအတွက်ဆန်ထုတ်လုပ်မှုပမာဏသည် တန်ချိန် ၅၃၈ သန်းခန့်သာရှိမည်ဟုခန့်မှန်းထားပြီး၊ ယင်းသည် ၁၁ နှစ်အတွင်း ပထမဆုံးအကြိမ်ကျဆင်းမှုဖြစ်ကြောင်း အမေရိကန်စိုက်ပျိုးရေးဦးစီး ဌာန(United States Department of Agriculture-USDA)က ၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင်ထုတ်ပြန်သည့် ကမ္ဘာ့စိုက်ပျိုးရေးအစီရင်ခံစာတွင်ဖော်ပြထားသည်။ အကြီးမားဆုံးကျဆင်းမှုများကို အိန္ဒိယ၊ မြန်မာနှင့် အမေရိကန်တို့တွင်တွေ့ရှိရပြီး လယ်သမားများစိုက်ပျိုးမှုလျော့နည်း လာသောကြောင့် ယခင်နှစ်ကထက် စပါးထွက်ရှိမှုနှုန်း ၁၅ ရာခိုင်နှုန်းကျဆင်းသွားကြောင်းဖော်ပြထားသည်။ စံချိန်တင်စားသုံးမှုနှင့်ကုန်သွယ် မှုများတိုးလာသဖြင့် ကမ္ဘာ့ဆန်လက်ကျန်ပမာဏကိုလည်း အကန့် အသတ်ဖြစ်လာစေမည်ဖြစ်သည်။

USDA က အကြောင်းရင်းကို အသေးစိတ်မဖော်ပြထားသော်လည်း အီရန်စစ်ပွဲကြောင့် ဖြစ်ပေါ်လာသော ဓာတ်မြေဩဇာနှင့် စွမ်းအင်ကုန်ကျ စရိတ်မြင့်တက်မှုများသည် အာရှရှိ လယ်သမားများ၏ စိုက်ပျိုးမှုများကို ထိခိုက်စေပြီး ဆန်ထုတ်လုပ်မှုကျဆင်းလာစေသည်ဟု ဆိုနိုင်သည်။ ဓာတ်မြေဩဇာအသုံးများသော သီးနှံဖြစ်သည့်ဆန်အတွက် လယ်သမား အချို့သည် ရာသီသစ်တွင် စိုက်ပျိုးခြင်းမပြုရန်စဉ်းစားနေကြသည်။

ထို့အပြင် ကမ္ဘာ့ထိပ်တန်း ဆန်စိုက်ပျိုးထုတ်လုပ်သည့် အိန္ဒိယနိုင်ငံတွင်လည်း ဇွန်လတွင် စတင်သည့်မုတ်သုန်ရာသီသည် El Niño ရာသီဥတုဖြစ်စဉ်ကြောင့် အားလျော့နိုင်သည်ဟု ခန့်မှန်းချက်များကြောင့် သီးနှံထွက်ရှိမှုကို ထိခိုက်နိုင်ကြောင်း၊ သို့သော် အိန္ဒိယ၏ ဆန်တင်ပို့မှုမှာ ဆက်လက်အားကောင်းနေမည်ဖြစ်ကြောင်း ခန့်မှန်းထားပြီး အမေရိကန် ၏တင်ပို့မှုမှာ လျော့ကျမည်ဖြစ်ကြောင်း USDA က ပြောကြားသည်။

အထူးသဖြင့် အာရှနိုင်ငံများတွင် ဆန်သည် အဓိကအစားအစာဖြစ်သည့် အတွက် ဆန်ရရှိနိုင်မှုလျော့နည်းလာခြင်းသည် ဈေးနှုန်းများမြင့်တက်လာစေနိုင်ပြီး အဆိုပါကိစ္စရပ်သည် ဈေးနှုန်းဖောင်းပွမှုကိုဖြစ်စေနိုင် သည်။ ဖိလစ်ပိုင်နိုင်ငံအပါအဝင် အချို့နိုင်ငံများတွင်လည်း ဈေးနှုန်းအနည်းငယ်မြင့်တက်မှုများရှိနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။

လက်ကားဈေးကွက်တွင် အာရှတွင် စံညွှန်းတစ်ခုအဖြစ် သတ်မှတ်ထားသော ထိုင်းဆန်ဖြူ ဈေးနှုန်းသည် မတ်လနှောင်းပိုင်းမှစ၍ ၁၅ ရာခိုင်နှုန်းခန့်မြင့်တက်လာခဲ့သည်။ ချီကာဂိုကုန်သွယ်ရေးဘုတ်အဖွဲ့ (Chicago Board of Trade)၏  အနာဂတ်ဆန်ဈေးနှုန်းသည် ပြီးခဲ့သည့်အပတ်က ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ယင်းသည် နှစ်နှစ်အတွင်း အမြင့်ဆုံးဖြစ်ခဲ့သည်။ စစ်ပွဲကြောင့် စွမ်းအင်ဈေးနှုန်းများမြင့်တက်လာခြင်းသည် ဆန်တင်ပို့သည့် နိုင်ငံအများစုတွင် ထုတ်လုပ်မှုနှင့် စျေးကွက်တင်ပို့မှုကုန်ကျစရိတ်များကိုမြင့်တက်စေပြီး ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO)၏ဆန်ဈေးညွှန်းကိန်းလည်း မြင့်တက်လာကြောင်း ဖော်ပြထားသည်။

Source: Global rice production set to fall for first time in decade: The Economic Times: May 14, 2026.

(လွင်ကိုကိုမောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News