အိန္ဒိယနိုင်ငံသည် ပြည်တွင်းဈေးနှုန်းများ တည်ငြိမ်စေရန်နှင့် ရောင်းလိုအားကြပ်တည်းလာမှု အခြေအနေကို တည်ငြိမ်စေရန်ရည်ရွယ်၍ သကြားကြမ်း(Raw Sugar)၊ သကြားဖြူ(White Sugar)နှင့် သန့်စင်သကြား(Refined Sugar)တင်ပို့မှုကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်အထိ ပိတ်ပင်လိုက်သည်။
ကမ္ဘာ့ဒုတိယအကြီးဆုံးသကြားထုတ်လုပ်သည့်နိုင်ငံဖြစ်သော အိန္ဒိယသည် ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် Notification No. 16 / 2026-27 ဖြင့် သကြားတင်ပို့မှုမူဝါဒကို ယခင် “Restricted” (ကန့်သတ်) မှ “Prohibited”(ပိတ်ပင်)အဖြစ်ပြောင်းလဲသတ်မှတ်ကြောင်း ထုတ်ပြန် ကြေညာခဲ့ပါသည်။
“အဆိုပါပိတ်ပင်မှုသည် CXL(Codex Maximum Residue Limit)နှင့် TRQ(Tariff Rate Quota)စနစ်အောက်မှ EU နှင့် အမေရိကန်နိုင်ငံများသို့ တင်ပို့မှုများ၊ Advance Authorization Scheme ၊ G to G တင်ပို့မှုများနှင့် လက်ရှိတွင် တင်ပို့မှုလုပ်ငန်းစဉ်အတွင်း ရောက်ရှိနေပြီဖြစ်သော ကုန်စည်များအပေါ် သက်ရောက်မှုမရှိပါကြောင်း”အိန္ဒိယပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (Directorate General of Foreign Trade-DGFT) က ပြောကြားထားသည်။
အိန္ဒိယသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ယင်းသကြားအမျိုးအစားများကို အမေရိကန်ဒေါ်လာ ၁.၉ ဘီလီယံတင်ပို့ခဲ့ပြီး အဓိကတင်ပို့သည့်နိုင်ငံများမှာ ဆူဒန်၊ လစ်ဗျား၊ ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာ တို့ဖြစ်ကြောင်း ဖော်ပြထားသည်။
အသိပေးအကြောင်းကြားစာအရ တရားဝင်ကြေညာချက်မထုတ်ပြန်မီ သင်္ဘောပေါ်သို့ သကြား တင်ဆောင်မှု စတင်ပြီးဖြစ်ခြင်း၊ Shipping Bill တင်သွင်းပြီးဖြစ်ခြင်း၊ သင်္ဘောသည် အိန္ဒိယဆိပ်ကမ်းတွင် ဆိုက်ကပ်ထားခြင်း သို့မဟုတ် ဆိပ်ကမ်းအာဏာပိုင်မှ Rotation Number ချထားပြီးဖြစ်ပါက တင်ပို့မှုကို ဆက်လက်ခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြထား သည်။
ထို့အပြင် အသိပေးအကြောင်းကြားမထုတ်ပြန်မီ အကောက်ခွန်ဌာန သို့မဟုတ် ထိန်းသိမ်းရေးတာဝန်ရှိသူများထံ လွှဲပြောင်းထားပြီးဖြစ်သော ကုန်ပစ္စည်းများကိုလည်း ဆက်လက်ရှင်းလင်းပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
Source: India prohibits raw, white & refined sugar export till Sept 30: The Economic Times: May 14, 2026.
(လွင်ကိုကိုမောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)