အီးယူနှင့် မက္ကဆီကိုတို့မှ သွင်းကုန်များအပေါ် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁ ရက်မှစတင်၍ ကုန်သွယ်ခွန် ၃၀ ရာခိုင်နှုန်းကောက်ခံမည်ဟု သမ္မတ Donald Trump က ကြေညာထားသော်လည်း သဘောတူညီချက်မရရှိပါက အမေရိကန်အနေဖြင့် အီးယူနှင့် မက္ကဆီကိုနိုင်ငံတို့နှင့် ကုန်သွယ်မှုဆိုင်ရာညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်ရန်အဆင်သင့်ရှိနေလိမ့်မည်ဟု ယုံကြည်ကြောင်း အီးယူကုန်သွယ်ရေးအကြီးအကဲဖြစ်သူ Mr. Maros Sefcovic က ၁၄-၇-၂၀၂၅ ရက်တွင် ပြောကြားခဲ့ပါသည်။
ကုန်သွယ်ခွန်ဆိုင်ရာခြိမ်းခြောက်မှုများအပေါ် တုံ့ပြန်ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ပြင်သစ်နိုင်ငံက အတင်းအကြပ်တောင်းဆိုမှု(hardball approach)ပြုလုပ်ရန်နှင့် ဥရောပအဖွဲ့ဝင် အခြားသောနိုင်ငံများက အမေရိကန်အပေါ် ဆက်လက်မှီခိုနေရမည့် ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များရှိနေသည့်အတွက် သတိထားဆောင်ရွက်ရန် အစရှိသည်ဖြင့် ဥရောပအစုအဖွဲ့အတွင်း သဘောထားကွဲလွဲမှုများရှိနေသည့်ကြားက အီးယူကုန်သွယ်ရေးအကြီးအကဲ၏ပြောစကား ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါ သည်။
အီးယူ၏ အဖွဲ့ဝင် ၂၇ နိုင်ငံကို ကိုယ်စားပြုသည့် ကုန်သွယ်ရေးကော်မ ရှင်နာအဖြစ် Sefcovic က ဆောင်ရွက်၍ ဘရပ်ဆဲလ်တွင် နှစ်ဘက်အကြားဆွေးနွေးခဲ့ကြသော လေးပတ်ကျော်ကြာဆွေးနွေးပွဲများအတွင်း ပြင်သစ်ကဲ့သို့နိုင်ငံများ၏ တောင်းဆိုချက်သဘောထားက အစုအဖွဲ့၏ ရပ်တည်ချက်ကိုခက်ခဲစေသော်လည်း ဆွေးနွေးပွဲ၏ရလဒ်ကမူ နှစ်သက် ဖွယ်ဖြစ်နေဆဲဖြစ်ကြောင်း၊ Trump ၏ ကုန်သွယ်ခွန် ၃၀ ရာခိုင်နှုန်းကောက်ခံရန်ခြိမ်းခြောက်မှုသည် လက်ရှိတွင် အမေရိကန်နှင့် တစ်ရက်လျှင် ယူရို(၄.၄)ဘီလီယံ(အမေရိကန်ဒေါ်လာ ၅.၁၅ ဘီလီယံ)တန်ဖိုးရှိ သောကုန်သွယ်မှုအပေါ် ဆက်လက်လုပ်ဆောင်ရန် ဖြစ်နိုင်ခြေနည်းပါးသွားလိမ့်မည်ဖြစ်ကြောင်းနှင့် ၎င်းနှင့် ၎င်း၏ညှိနှိုင်းရေးအဖွဲ့အနေဖြင့် ကုန်သွယ်ရေးဆွေးနွေးပွဲကာလအတွင်း သဘောတူညီချက်တစ်ခုရရှိလာနိုင်ပါကြောင်း Sefcovic က ပြောကြားခဲ့ပါသည်။
တရားမျှတမှုမရှိသည့် အခွန်စည်းကြပ်မှုများကြောင့်ဖြစ်ပေါ်လာသော လက်ရှိမသေချာမရေရာမှုများမှာ ရေရှည်အထိမရှိနိုင်ပါကြောင်းနှင့် အကယ်၍ သဘောတူညီချက်မရရှိပါက ကောင်းစွာစဉ်းစားချင့်ချိန်၍ မျှတအချိုးကျသောတန်ပြန်မှုရရှိသည်အထိ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း Sefcovic က သတင်းထောက်များအား ထည့်သွင်းပြောကြားခဲ့ပါသည်။
အီးယူမှ သံမဏိနှင့် အလူမီနီယံတို့အပေါ် အမေရိကန်၏ အခွန်တိုးမြှင့်ကောက်ခံမည့်ကိစ္စအား လက်တုံ့ပြန်မည့်အစီအမံကို ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က ၁၄-၇-၂၀၂၅ ရက်က ရွှေ့ဆိုင်းထားလိုက်ကြောင်း၊ သို့သော်လည်း သက်ဆိုင်ရာသံတမန်များကမူ ၃၀ ရာခိုင် နှုန်းအခွန်ကောက်ခံမည့်ကိစ္စကို ဆက်လက်ဆောင်ရွက်ပါက ၎င်းတို့အနေဖြင့် နောက်ထပ်လက်တုံ့ပြန်မည့် အစီအစဉ်တစ်ခုကို ကုန်သွယ် ရေးဝန်ကြီးများထံတင်ပြ၍ ဆောင်ရွက်သွားမည်ဟုပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ပြင်သစ်ကုန်သွယ်ရေးဝန်ကြီး Laurent Saint-Martin ကမူ လက်တုံ့ ပြန်မည့်အစီအစဉ်များတွင် တားမြစ်ပိတ်ပင်မှုများမရှိသင့်ကြောင်း၊ Trump ၏ကြေညာချက်သည် ဥရောပအစုအဖွဲ့၏ နည်းဗျူဟာများကို ပြန်လည်သုံးသပ်ရမည်ကိုသာဆိုလိုကြောင်းနှင့် အစုဖွဲ့အနေဖြင့် နည်း ဗျူဟာများပြောင်းလဲရန်လိုအပ်သည်ဟု ထင်မြင်ကြောင်း ပြောကြားခဲ့ပါသည်။
လက်ရှိ အီးယူအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူထားသည့် ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး Lars Lokke Rasmussen ကမူ ယင်းကုန်သွယ်ခွန်စည်းကြပ်မည့်ကိစ္စနှင့်စပ်လျဉ်း၍ ခိုင်မာသောချဉ်းကပ်မှုတစ်ခုပြုလုပ်ရန်တောင်းဆိုခဲ့ပြီး၊ အစုဖွဲ့အနေဖြင့် သဘောတူညီချက်တစ်ခုရရှိရန်လိုလားသော်လည်း ငြိမ်းချမ်းရေးကိုလိုလားပါက တစ်ဖက်တွင် စစ်ပွဲအတွက် ပြင်ဆင်ထားရမည်ဟူသော ရှေးဆိုရိုးစကားနှင့်အညီ လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဂျာမန်ဝန်ကြီးချုပ် Friedrich Merz က ဩဂုတ်လ ၁ ရက်မတိုင်မီ သဘောတူညီချက်ရရှိရေးကို အကောင်အထည်ဖော်ရမည်ဖြစ်၍ ကျန်ရှိနေသော အချိန်(၂)ပတ်ခွဲခန့်ကိုအသုံးပြု၍ အကောင်အထည် ဖော်ရမည်ဖြစ်ကြောင်း၊ယင်းကိစ္စကို ၎င်းအနေဖြင့် အလေးအနက်ထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ Trump ၏အခွန်ဆိုင်ရာ ခြိမ်းခြောက်မှုသည် လက်တွေ့ဖြစ်လာပါက ၎င်းသည်လည်း ပြင်သစ်သမ္မတ Emmanuel Macronနည်းတူ ကြီးမားသောတန်ပြန်အခွန်စည်းကြပ်မှုကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဩဂုတ်လ ၁ ရက်မတိုင်မီတွင် ကြိုတင်ပြောကြားလိုခြင်းမရှိသေးကြောင်းနှင့် သဘောတူညီချက်မရရှိခဲ့ပါက ပို့ကုန်အပေါ် အလေးထားသော ဂျာမန်စီးပွားရေးအပေါ် ရိုက်ခတ်လာနိုင်ကြောင်း ဂျာမန်ပြည်သူ့ရုပ်သံဌာန(ARD)နှင့် ၁၃-၇-၂၀၂၅ ရက်က ပြု လုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Source: https://www.dw.com/en/us-trade-almost-impossible-in-case-of-trump-tariffs-eu/a-73269677
(သန္တာစော၊ စီးပွားရေးသံမှူး၊ဘာလင်မြို့)