International News

အမေရိကန်အခွန် ၁၉ ရာခိုင်နှုန်းသည် ထိုင်းငွေလက်ဝတ်ရတနာလုပ်ငန်းရှင်များအတွက် သက်သာစေသည့် မျှော်လင့်ချက်ဖြစ်ခဲ့

Last Updated:

အမေရိကန်က ထိုင်းကုန်စည်များအတွက် အခွန်နှုန်းထားကို အဓိကပြိုင်ဘက်များထက်နည်းသည့် ၁၉ ရာခိုင်နှုန်းကို သတ်မှတ်ပေးလိုက်ခြင်းကြောင့် ငွေလက်ဝတ်ရတနာလုပ်ငန်းရှင်များအတွက် ထုတ်လုပ်မှုများပြန်လည်နေရာချထားရန် အလား အလာရှိစေပြီး သက်သာစေပါကြောင်း သိရှိပါသည်။

ငွေလက်ဝတ်ရတနာအပါအဝင် ထိုင်းပို့ကုန်များအတွက် အခွန်နှုန်းထား ၁၉ ရာခိုင် နှုန်းသည် အပြန်အလှန်အခွန် ၅၀ ရာခိုင်နှုန်းသတ်မှတ်ခံထားရသည့် ပြိုင်ဘက်အိန္ဒိယထက်နည်းပါကြောင်း၊ ထုတ်လုပ်မှုပြန်လည်နေရာချထားရန် စိတ်ပူပန်မှုမရှိတော့ဘဲ အဓိကစိုးရိမ်မှုမှာ ကမ္ဘာနှင့်အဝှမ်းဝယ်ယူသူများကို ထိခိုက်စေနိုင်သည့် စီးပွားရေးကျဆင်းမှုပင်ဖြစ်ကြောင်း၊ Transshipment လုပ်ထုံးလုပ်နည်းများကို အစိုးရအနေဖြင့် ရှင်းရှင်းလင်းလင်းထုတ်ပြန်ပေးစေလိုသည်မှာ လက်ဝတ်ရတနာကဏ္ဍအတွက် တန်ဖိုးကြီးသတ္တုများနှင့် ကျောက်မျက်အကြမ်းထည်များကို တင်သွင်းပြီး ထိုင်းနိုင်ငံ၌ ပြုပြင်သောကြောင့်ဖြစ်ပါကြောင်း၊ ပို့ကုန်တိုးမြှင့်ရန် အခွန်နောက်ဆုံးထုတ်ပြန်ချက်များနှင့် အလေ့အထများကို လုပ်ငန်းရှင်များအား အသိ ပညာပေးစေလိုကြောင်း ငွေလက်ဝတ်ရတနာပို့ကုန်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ Mr. Sidthisak Limvatanayingyong က ပြောကြားခဲ့သည်။

အမေရိကန်သည် ငွေလက်ဝတ်ရတနာပို့ကုန်၏ ၃၀ ရာခိုင်နှုန်းကို ကိုယ်စားပြုသောကြောင့် ထိုင်းငွေလက်ဝတ်ရတနာလုပ်ငန်းရှင်များသည် ဈေးကွက်သစ်များရှာဖွေရမည်ဖြစ်ကြောင်း၊ အရှေ့အလယ်ပိုင်းသည် အစိုးရမူဝါဒနှင့်ကိုက်ညီသော ဈေးကွက်အလားအလာများရှိပါကြောင်း၊ ထိုင်းငွေလက်ဝတ်ရတနာပို့ကုန်သည် ယခင်အမေရိကန်ဒေါ်လာ ၂ ဘီလီယံမှ ယခုနှစ်တွင် ၅ ရာခိုင်နှုန်းတိုးတက် လာခဲ့ပါကြောင်း Mr. Sidthisak က ဖြည့်စွက်ပြောကြားခဲ့သည်။

ပထမနှစ်ဝက်တွင် ပို့ကုန်သည် မြင့်တက်ခဲ့သဖြင့် တတိယ ၃ လပတ်တွင် နှေးကွေးနိုင်ကြောင်း၊  ရွှေမပါ ထိုင်းနိုင်ငံ၏ ကျောက်မျက်နှင့် လက်ဝတ်ရတနာပို့ကုန်သည် အမေရိကန်ဒေါ်လာ ၇.၄၁ ဘီလီယံသို့ရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၆၂.၇ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပါကြောင်း၊ အဓိကပို့ကုန်ဈေးကွက်များမှာ အိန္ဒိယ(အမေရိကန်ဒေါ်လာ ၂.၉၄ ဘီလီယံ)၊ ဟောင်ကောင်(အမေရိကန်ဒေါ်လာ ၁.၃၁ ဘီလီယံ) နှင့် အမေရိကန်(အမေရိကန်ဒေါ်လာ ၁.၀၉ ဘီလီယံ)တို့ဖြစ်ကြောင်း၊ ငွေလက်ဝတ်ရတနာပို့ကုန်သည် အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံရှိပြီး ကျောက်မျက်ပို့ကုန်၏ ၁၉ ရာခိုင်နှုန်းရှိကြောင်း ထိုင်းကျောက်မျက် နှင့် လက်ဝတ်ရတနာအင်စတီကျုက ထုတ်ပြန်ထားချက်အရ သိရှိရပါသည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News