International News

အီရန်-အစ္စရေးစစ်ပွဲသည် ကုန်စည်ပို့ဆောင်ခများကိုမြင့်တက်စေပြီး အိန္ဒိယပို့ကုန်များကို ထိခိုက်နိုင်ကြောင်း ပို့ကုန်လုပ်ငန်းရှင်များပြောကြား

Last Updated:

အီရန်-အစ္စရေးပဋိပက္ခကြောင့် ကမ္ဘာ့စီးပွားရေးမသေချာမရေရာမှုများမြင့်တက်၍ လေကြောင်းနှင့် ပင်လယ်ရေကြောင်းကုန်စည်ပို့ဆောင်ခနှုန်းထားနှစ်ခုစလုံးမြင့်တက်လာနိုင်သောကြောင့် အိန္ဒိယ၏ ပို့ကုန်များအပါအဝင် ကမ္ဘာ့ကုန်သွယ်ရေးကို ထိခိုက်စေနိုင်ကြောင်းနှင့် ဥရောပနှင့်ရုရှားနိုင်ငံကဲ့သို့သော ကုန်သွယ်ဖက်များသို့ အိန္ဒိယ၏ပို့ကုန်တင်ပို့မှုသည် ယခုစစ်ပွဲကြောင့် ထိခိုက်နိုင်သည်ဟု အိန္ဒိယပို့ကုန် လုပ်ငန်းရှင်များက ပြောကြားထားသည်။

အကယ်၍ ပဋိပက္ခများကြာရှည်စွာ ဆက်လက်ဖြစ်ပွားနေပါက၊အီရန်နှင့် ယူအေအီးအကြား ဟော်မုဇ်ရေလက်ကြားနှင့် ပင်လယ်နီကုန်သွယ်မှုလမ်းကြောင်းများအား အသုံးပြုနေသည့် ကုန်သည်သင်္ဘောများ၏သွားလာမှုကို ထိခိုက်စေမည်ဖြစ် ကြောင်း သိရှိရသည်။

အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များအဖွဲ့ချုပ်(FIEO)ဥက္ကဋ္ဌ S C Ralhan က စစ်ပွဲများက ကမ္ဘာ့ကုန်သွယ်ရေးကို ထိခိုက်စေနိုင်ကြောင်း၊ ဥရောပနှင့် ရုရှားကဲ့သို့သော နိုင်ငံများသို့ အိန္ဒိယ၏ ကုန်စည်တင်ပို့မှုမှာ ထိခိုက်နိုင်ကြောင်းနှင့် ကုန်စည်ပို့ဆောင်ခနှုန်းထားများနှင့် အာမခံနှုန်းထားများ မြင့်တက်လာမည်ဟုမျှော်လင့်ထားကြောင်း၊အိန္ဒိယပို့ကုန်သင်္ဘောများသည် ပင်လယ်နီလမ်းကြောင်းမှ တဖြည်းဖြည်း ဆောင်ရွက်မှုများလာသော်လည်း ယခုအခါထိခိုက်မှုများရှိလာနိုင်ကြောင်း ပြောကြားခဲ့သည်။

ဇွန်လ ၁၃ ရက်၊ သောကြာနေ့အစောပိုင်းတွင်ဖြစ်ပွားခဲ့သော ပဋိပက္ခ၏ ချက်ချင်းအကျိုးသက်ရောက်မှုမှာ ကာလအတန်ကြာတည်ငြိမ်မှုရှိနေပြီး ပုံမှန်အခြေအနေပြန်လည်ရောက်ရှိလာသော ပင်လယ်နီကုန်သွယ်ရေးလမ်းကြောင်း၏  ကုန်စည်ပို့ဆောင်ရေးနှင့် အာမခံကြေးများမြင့်တက်သွားခြင်းဖြစ်ကြောင်း၊အကယ်၍ အီရန်-အစ္စရေးစစ်ပွဲသည် တစ်ပတ်ကြာဆက်လက်ဖြစ်ပွားနေပါက ကမ္ဘာ့ကုန်သွယ်ရေးအခြေအနေမှာ ခက်ခဲလိမ့်မည်ဖြစ်ကြောင်းနှင့်  အီရန်နှင့် အစ္စရေးတို့သည် အိန္ဒိယနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံများဖြစ်ကြကြောင်း၊ မွန်ဘိုင်းအခြေစိုက် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ Technocraft Industries Ltd ၏ဥက္ကဋ္ဌ S K Saraf က ပြောကြားခဲ့သည်။

ကုန်တင်သင်္ဘောများသည် ပင်လယ်နီလမ်းကြောင်းကိုတဖြည်းဖြည်း ပြန်လည်အသုံးပြုလာခဲ့ကြကြောင်း၊ ယင်းသည် အိန္ဒိယနှင့် အခြားသောအာရှနိုင်ငံများမှ အမေရိကန်နှင့် ဥရောပနိုင်ငံများသို့ ကုန်စည်တင်ပို့မှုများကို အချိန် ၁၅ ရက်မှ ၂၀ ရက်အထိ သက်သာစေကြောင်း၊ ယခုအခါ ကုန်သင်္ဘောများသည် ပင်လယ်နီလမ်းကြောင်းအား ရှောင်လွှဲအသုံးပြုလာနိုင်သည့်အတွက်ကုန်သည်များပေးဆောင် ရမည့် ကုန်စည်ပို့ဆောင်ခများကို မြင့်တက်လာစေနိုင်ကြောင်း၊ စစ်ပွဲမှာ တစ်ပတ်ကျော်သွားလျှင် ကုန်စည်ပို့ဆောင်မှုနှုန်းများမှာ ၅၀ ရာခိုင်နှုန်းခန့်တက်လာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် အစ္စရေးကိုတိုက်ခိုက်ရာမှ စတင်ခဲ့သော လက်ရှိပဋိပက္ခသည် ဟူသီသူပုန်များ၏ ကုန်တင်သင်္ဘောသွားလာမှုများကို တိုက်ခိုက်မှုကြောင့် ပင်လယ်နီတွင် ကုန်တင်သင်္ဘောသွားလာမှုများကို ရပ်တန့်သွားစေခဲ့ကြောင်း၊ ဟူသီသူပုန်များကို တိုက်ခိုက်မှုကို အမေရိကန်က ကြားဝင်စွက်ဖက်ပြီးနောက် ကုန်သွယ်မှုဆိုင်ရာသင်္ဘောများအပေါ် ပစ်ခတ်မှုများရပ်သွားခဲ့ပါကြောင်း၊အခြေအနေအားလုံးသည် လက်ရှိပဋိပက္ခမှာ ဒေသတွင်း၌ ပြီးဆုံးသွားခြင်း သို့မဟုတ် အခြားနိုင်ငံများကိုပါ ဆက်လက်ကူးစက်သွားခြင်းစသည်တို့အပေါ်တွင်မူတည်မည်ဖြစ်ကြောင်း၊ ယခုပဋိပက္ခသည် ကမ္ဘာ့ရေနံစိမ်းဈေးကွက်အပေါ် ဦးစွာသက်ရောက်မှုများရှိစေမည်ဖြစ်ကြောင်း FIEO ညွှန်ကြားရေးမှူးချုပ်Ajay Sahai က ပြောကြားခဲ့သည်။

ပင်လယ်နီလမ်းကြောင်းကို ရှောင်ကွင်း၍ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရခြင်းသည် ကမ္ဘာ့စွမ်းအင်ကုန်သွယ်မှုအတွက် ဖိအားဖြစ်စေသော အခြားအချက်တစ်ခုဖြစ်ကြောင်းလည်း သိရှိရသည်။

အိုမန်နှင့်အီရန်ကြားတွင်တည်ရှိသော ဟော်မုဇ်ရေလက်ကြားသည် ပါရှန်ပင်လယ် ကွေ့၊ အိုမန်ပင်လယ်ကွေ့နှင့်အာရေဗျပင်လယ်တို့ကိုဆက်သွယ်ထားပြီး ကမ္ဘာ့ရေနံသုံးစွဲမှု၏ ၂၁ ရာခိုင်နှုန်းခန့်သည် ထိုလမ်းကြောင်းကို ဖြတ်သန်းပို့ဆောင်နေခြင်းဖြစ်သည်။ တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် တောင်ကိုရီးယားတို့သည် ယင်းရေလက်ကြားကိုဖြတ်၍ ရေနံစိမ်းပို့ဆောင်သည့်အဓိကနိုင်ငံများဖြစ်ကြပြီး အိုမန်သည်လည်း အိန္ဒိယသို့ သဘာဝဓာတ်ငွေ့ရည်များပို့ဆောင်ရန် ယင်းလမ်းကြောင်းကိုအသုံးပြုသည်ကို တွေ့ရှိရသည်။ ဆော်ဒီအာရေ‌ဗျနှင့်အာရပ်စော်ဘွားများပြည်ထောင်စု (UAE)နိုင်ငံများသည်သာ ပိုက်လိုင်းများအသုံးပြု၍ ဟော်မုဇ်ရေလက်ကြားကိုဖြတ်ကျော်ကာ သဘာဝဓါတ်ငွေ့ရည်များကို ပို့ဆောင်လျက်ရှိသည်။

ပြီးခဲ့သည့်နှစ်တွင် ယီမင်အခြေစိုက်ဟူသီစစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် ပင်လယ်နီနှင့်မြေထဲပင်လယ်ကိုဆက်သွယ်ထားသည့် အရေးကြီးသော ရေကြောင်း လမ်းကြောင်းဖြစ်သည့် Bab-el-Mandeb ရေလက်ကြားတစ်ဝိုက်တွင် အခြေအနေတင်းမာမှုများမြင့်တက်ခဲ့သည်ကိုလည်း တွေ့ရှိရသည်။

အိန္ဒိယ၏ ဥရောပနှင့်ကုန်သွယ်မှု ၈၀ ရာခိုင်နှုန်းခန့်သည် ပင်လယ်နီကိုဖြတ်၍ တင်ပို့ခြင်းဖြစ်သကဲ့သို့ အမေရိကန်နှင့် များစွာသောကုန်သွယ်မှုသည်လည်း ဤလမ်း ကြောင်းကို ဖြတ်သန်းပို့ဆောင်ခြင်းဖြစ်ကြောင်းနှင့် အဆိုပါကုန်သွယ်မှုလမ်း ကြောင်း ၂ ခုမှ နိုင်ငံ၏ပို့ကုန်စုစုပေါင်း၏ ၃၄ ရာခိုင်နှုန်းခန့် ဖြတ်သန်းပို့ဆောင်လျက်ရှိကြောင်းလည်း သိရှိရသည်။

ပင်လယ်နီရေလက်ကြားသည် ကမ္ဘာ့ကွန်တိန်နာဖြတ်သန်းပို့ဆောင်မှု၏ ၃၀ ရာခိုင် နှုန်းနှင့် ကမ္ဘာ့ကုန်သွယ်မှု၏ ၁၂ ရာခိုင်နှုန်းခန့်ရှိသည့်အတွက် အရေးကြီးသည့်လမ်း ကြောင်းတစ်ခုလည်းဖြစ်သည်။

အစ္စရေးသို့ အိန္ဒိယ၏ပို့ကုန်သည် ၂၀၂၃-၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံမှ ၂၀၂၄-၂၅ ခုနှစ်တွင် ၂ ဒသမ.၁ ဘီလီယံသို့ သိသိသာသာကျဆင်းသွားခဲ့ကြောင်းနှင့် အိန္ဒိယ၏အစ္စရေးမှ တင်သွင်းမှုသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဘီလီယံရှိရာမှ ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံသို့ ကျဆင်းခဲ့ကြောင်း သိရှိရသည်။

အလားတူ အိန္ဒိယမှ အီရန်နိုင်ငံသို့ တင်ပို့မှုသည် ၂၀၂၃-၂၄ ခုနှစ်နှင့် ၂၀၂၄-၂၅ ခုနှစ်တို့တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံဖြင့် တူညီမှုူရှိခဲ့သော်လည်း အိန္ဒိယ၏သွင်းကုန်သည် ယခင်နှစ်က အမေရိကန်ဒေါ်လာ ၆၂၅ သန်းရှိခဲ့သော် လည်း ၂၀၂၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄၄၁ သန်းခန့်သာရှိသည်ကို တွေ့ရှိရသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က သွင်းကုန်ခွန်တိုးမြှင့်ကောက်ခံမည်ဖြစ် ကြောင်း ကြေညာပြီးနောက် ကုန်သွယ်ရေးဆိုင်ရာပဋိပက္ခသည် ကမ္ဘာ့ကုန်သွယ် ရေးကို ပိုမိုဖိအားပေးလာခဲ့သည်။

အိန္ဒိယအစိုးရအနေဖြင့် မကြာမီရက်ပိုင်းအတွင်း ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ပို့ကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးရန်လည်း မျှော်လင့်ထားကြောင်းလည်း သိရှိရသည်။

အကောက်ခွန်စစ်ပွဲအကျိုးသက်ရောက်မှုအပေါ်အခြေခံ၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)မှ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်မှုသည် အစောပိုင်းခန့်မှန်းထားသည့် ၂ ဒသမ ၇ ရာခိုင်နှုန်းနှင့်နှိုင်းယှဉ်ပါက ၀ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းသွားမည်ဟု ပြောကြားထားသည်။

FIEO ၏အဆိုအရ ပြီးခဲ့သည့်နှစ်တွင် အိန္ဒိယ၏ စုစုပေါင်းပို့ကုန်သည် အမေရိကန်ဒေါ်လာ ၈၂၅ ဘီလီယံအထိရှိခဲ့ပြီး ၆ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်းနှင့် ၂၀၂၄-၂၅ ခုနှစ် နှစ်ကုန်တွင် အမေရိကန်ဒေါ်လာ ၁ ထရီလီယံထိရောက်ရှိရန်မျှော်မှန်းထားပါကြောင်း၊ သို့ရာတွင် ပထဝီနိုင်ငံရေးမရေရာမှုများကြောင့် လျာထားချက်ထက် နည်းပါးသွားနိုင်ကြောင်း  သိရှိရသည်။

Source: Iran-Israel war could hurt exports, Increase freight rates: Exporters, The Economic Times, 15  June, 2025.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News