International News

၂၀၂၄ ခုနှစ်တွင် ကာဗွန်အခွန်ရငွေ စင်ကာပူဒေါ်လာ ၆၄၂ သန်းခန့်ရရှိမည်ဟု ခန့်မှန်းထား

Last Updated:

၂၀၂၄ ခုနှစ်တွင် စင်ကာပူနိုင်ငံ၏ ကာဗွန်အခွန်ရငွေ စင်ကာပူဒေါ်လာ ၆၄၂ သန်းခန့်ရှိမည်ဟု ခန့်မှန်းထားပါသည်။ ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ကာဗွန်ထုတ်လွှတ်မှုတစ်တန်လျှင် အခွန်စင်ကာပူ ၅ ဒေါ်လာသတ်မှတ်ခဲ့ပြီး နှစ်စဉ်ကာဗွန်အခွန် စင်ကာပူဒေါ်လာသန်း ၂၀၀ ခန့်ရရှိခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုတစ်တန်လျှင် အခွန် ၂၅ ဒေါ်လာသို့ တိုးမြှင့်သတ်မှတ်ခဲ့ပါသည်။ စင်ကာပူနိုင်ငံတွင် ကာဗွန်အခွန်ပေးဆောင်ရမည့်လုပ်ငန်း ၅၀ နီးပါးရှိပြီး ၎င်းလုပ်ငန်းများမှာ ကုန်ထုတ်လုပ်မှု၊ လျှပ်စစ်၊ စွန့်ပစ်ပစ္စည်းနှင့်ရေကဏ္ဍတို့မှဖြစ်ပါသည်။ ၎င်းလုပ်ငန်းများသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကာဗွန်ထုတ်လွှတ်မှု၏ ၇၀ ရာခိုင်နှုန်းခန့်အတွက် တာဝန်ရှိပါသည်။ အခွန်ဒေါ်လာ ၆၄၂ သန်းခန့်ကို စက်တင် ဘာလအကုန်တွင် ကောက်ခံနိုင်မည်ဟု ခန့်မှန်းထားပါသည်။

စင်ကာပူနိုင်ငံ၏ စုစုပေါင်းကာဗွန်ထုတ်လွှတ်မှုမှာ ၂၀၁၉ ခုနှစ်မှ ၂၀၂၂ခုနှစ်အတွင်း နှစ်စဉ်တန်ချိန် ၅၃.၈၇ သန်းမှ ၅၈.၅၉ သန်းရှိပါသည်။ “ဒေါ်လာ ၆၄၂ သန်းမှာ အချက်အလက်များစွာအပေါ်အခြေခံ၍ ခန့်မှန်းထားခြင်းဖြစ်ပြီး အဆိုပါအချက် အလက်များတွင် အခွန်ထမ်းလုပ်ငန်းများ၏ ကာဗွန်ထုတ်လွှတ်မှု၊ ကာဗွန်အခွန်ပေးဆောင်မှုကို ခုနှိမ်ရန်အတွက် နိုင်ငံတကာကာဗွန်ထုတ်လွှတ်နိုင်ခွင့်ကို အသုံးပြုခြင်း၊ ကာဗွန်ထုတ်လွှတ်ခြင်းအတွက် အကူးအပြောင်းကာလကင်းလွတ်ခွင့် စသည့်အချက်များပါဝင်ကြောင်း” စင်ကာပူအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

နိုင်ငံတကာကာဗွန်ထုတ်လွှတ်နိုင်ခွင့်အသုံးပြုမှုတွင် ကာဗွန်ထုတ်လွှတ်သည့်လုပ်ငန်းများသည် အကျုံးဝင်သည့်ကာဗွန်ထုတ်လွှတ်နိုင်ခွင့်ကို အသုံးပြု၍ နှစ်စဉ်ထုတ်လွှတ်မှု၏ ၅ ရာခိုင်နှုန်းအထိ ခုနှိမ်ခွင့်ရှိပါသည်။ “လက်ရှိအချိန်အထိ ပေးဆောင်ရမည့်ကာဗွန်အခွန်မှ ခုနှိမ်ခွင့်အတွက် အဆိုပြုလာသည့်လုပ်ငန်းမရှိသေးကြောင်း”ရေရှည်တည်တံ့မှုနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာနနှင့် အမျိုးသားပတ်ဝန်း ကျင်အေဂျင်စီတို့က The Straits Times သို့ ပြောကြားခဲ့ပါသည်။

ကာဗွန်ထုတ်လွှတ်မှုကို ခုနှိမ်လိုသည့်လုပ်ငန်းများသည် ၂၀၂၄ ခုနှစ်တွင် ကာဗွန်အခွန်ကို အပြည့်ပေးဆောင်ရမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွက် ထုတ်လွှတ်မှုကို ၂၀၂၅ ခုနှစ်တွင် ၅ ရာခိုင်နှုန်းခုနှိမ်နိုင်မည်ဖြစ်ပါသည်။ ကာဗွန်အခွန်နှုန်းထားမှာ ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်တွင် တစ်တန်လျှင် ၄၅ ဒေါ်လာရှိမည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် ဒေါ်လာ ၅၀ မှ ဒေါ်လာ ၈၀ အကြားရှိမည်ဖြစ်ပါသည်။ “ကောက်ခံ ရရှိသည့် ကာဗွန်အခွန်ကို ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးတွင် ရန်ပုံငွေအဖြစ် အသုံးပြုမည်ဖြစ်ကြောင်း၊ စီပွားရေးလုပ်ငန်းများအတွက် စွမ်းအင်သုံးစွဲမှုသက်သာစေရေး အကူအညီဖြစ်စေမည်ဖြစ်ကြောင်း၊ အိမ်ထောင်စုများအတွက် ကုန်ဈေးနှုန်းကြီးမြင့်မှု၏ သက်ရောက်မှုကို သက်သာစေမည်ဖြစ်ကြောင်း” ရေရှည်တည်တံ့မှုနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာန ဝန်ကြီး Grace Fu က ၂၀၂၄ ခုနှစ်တွင် ပါလီမန်၌ ပြောကြားခဲ့ပါသည်။

ကုမ္ပဏီများကို ကမ္ဘာ့စီးပွားရေးနယ်ပယ်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေးအတွက် ကာဗွန်အခွန် သက်သာခွင့်အနေဖြင့် အကူးအပြောင်းကာလကင်းလွတ်ခွင့်ပေးလေ့ရှိပြီး ၎င်းကုမ္ပဏီများမှာ ဓာတုပစ္စည်း၊ လျှပ်စစ်ပစ္စည်းနှင့် ဇီဝဆေးဝါးစသည်တို့ထုတ်လုပ်သည့်ကုမ္ပဏီများဖြစ်ပါသည်။ရာသီဥတုမူဝါဒဆိုင်ရာ လေ့လာသူ Melissa Low က “ကာဗွန်အခွန်ရရှိမှုဆုံးရှုံးခြင်းထက် ကာဗွန်အခွန်နှုန်းမြင့်ခြင်းကြောင့် ယှဉ်ပြိုင်နိုင်စွမ်းလျော့ကျခြင်းက ပိုမိုကြောင်းကို အစိုးရအနေဖြင့် ဆန်းစစ်မှုပြုလုပ်မည်ဖြစ်ကြောင်း၊ထို့ကြောင့် အစိုးရအနေဖြင့် ကာဗွန်အခွန်သက်သာခွင့်နှင့် ကုမ္ပဏီများ၏ ယှဉ်ပြိုင်နိုင်စွမ်းရှိရေးတို့ကို ချိန်ဆရမည့် ဥပမာဖြစ်ကြောင်း” ပြောကြားခဲ့ပါ သည်။ NUS Energy Studies Institute မှ အကြီးတန်းသုတေသနပညာရှင် Kim Jeong Won က “အခြားနိုင်ငံများတွင်လည်း ကာဗွန်အခွန်နှင့်စပ်လျဉ်း၍ သက်သာ ခွင့်များပေးကြောင်း၊ ကုမ္ပဏီများသည် ကာဗွန်ထုတ်လွှတ်မှုလျှော့ချခြင်းလုပ်ငန်း စဉ်ထက် ကာဗွန်အခွန်ပေးခြင်းက ပိုမိုလွယ်ကူပြီး ကုန်ကျစရိတ်သက်သာပါက အခွန်ပေးဆောင်၍ ကာဗွန်ထုတ်လွှတ်ကြမည်ဖြစ်သောကြောင့် အဆိုပါသက်သာ ခွင့်သည် ကာဗွန်အခွန်ကြောင့် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးကို အားနည်းစေလေ့ရှိကြောင်း၊ ကာဗွန်အခွန်စတင်အကောင်အထည်ဖော်သည့်ကာလတွင် အခွန်သက်သာခွင့်ပေးခြင်းကို ဆောင်ရွက်သင့်ပြီး ကာလသတ်မှတ်ချက်အလိုက် အဆိုပါသက်သာခွင့်များကို လျှော့ချသည့်နိုင်ငံများလည်းရှိကြောင်း” ပြောကြားခဲ့ပါသည်။

ရင်းမြစ်။        The Straits Times

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News