ဗီယက်နမ်နိုင်ငံမှ ဆန်တင်ပို့မှုသည် ကာလတိုအတွင်း သိသိသာသာထိခိုက်နိုင်ဖွယ်မရှိကြောင်း စိုက်ပျိုးရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ယာယီ ဝန်ကြီး H.E Tran Duc Thang က ပြောကြားခဲ့သည်။ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ စက်တင်ဘာအစောပိုင်းတွင် ဆန်တင်သွင်းမှုယာယီရပ်ဆိုင်းလိုက်ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် စီးပွားရေးလုပ်ငန်းရှင်များနှင့် အသင်း အဖွဲ့များနှင့် စက်တင်ဘာ ၁၁ ရက်ကတွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရှိရပါ သည်။
စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန(MAE)သည် ဘဏ်များအား ဦးစားပေးချေးငွေများပေးရန်၊ ကြွေးမြီများပြန်လည်ပြင်ဆင်ဖွဲ့စည်းရာတွင် ပံ့ပိုးကူညီရန်နှင့် ပို့ကုန်လုပ်ငန်းများချောမွေ့စေရန်အတွက် VAT ပြန်အမ်းခြင်းဆိုင်ရာများ ဖြေရှင်းဆောင်ရွက်ရန်၊ ဝန်ကြီးချုပ်ထံ တင်ပြမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဗီယက်နမ်နိုင်ငံ၏ ဆန်စပါးကဏ္ဍသည် လျင်မြန်သော ရေတိုအစီအမံများနှင့် ရေရှည်မဟာဗျူဟာများလိုအပ်ကြောင်း ၎င်းက အလေးအနက်ပြောကြားခဲ့သည်။ ဦးစားပေးစနစ်ဖြင့် ကြွေးမြီ၊အခွန်ဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်ခြင်းနှင့် ကုန်သွယ်မှုမြှင့်တင်ခြင်းတို့ပါဝင်ပြီး ရေရှည်ကြိုးပမ်းမှုများတွင် ဆောင်းဦး-ဆောင်းဦးသီးနှံ၏ အလားအလာကို အမြင့်မားဆုံးဖြစ်အောင် ဈေးကွက်ချဲ့ထွင်ခြင်းနှင့် လယ်သမားများ၏ အမြတ်အစွန်းနှင့် ယုံကြည်မှုကိုမြှင့်တင်ရန်အတွက် ထုတ်လုပ်မှုစနစ်များကို အာရုံစိုက်ဆောင်ရွက်သင့်ကြောင်း ၎င်းကပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
ဗီယက်နမ်မြောက်ပိုင်းစားနပ်ရိက္ခာကော်ပိုရေးရှင်း(Vinafood 1)၏ဥက္ကဋ္ဌဖြစ်သူ Bui Thi Thanh Tam မှ တောင်သူလယ်သမားများ၏ ဆန်ကို အပြည့်အဝဝယ်ယူနေကြောင်း အတည်ပြုပြောကြားခဲ့သည်။ ထို့အပြင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ သည် ဈေးကွက်အတွင်း ဝယ်လိုအားနှင့် ဈေးနှုန်းတည်ငြိမ်စေရန်အတွက် တန်ချိန်ထောင်ပေါင်းများစွာကို ယာယီသိုလှောင်ထားကြောင်း သိရှိရပါသည်။
တောင်ပိုင်းစားနပ်ရိက္ခာကော်ပိုရေးရှင်း၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင် Tran Tan Duc က ဆန်ဈေးနှုန်းများကျဆင်းသွားခဲ့သော်လည်း အာဖရိကနှင့်နိုင်ငံတော်အရန်ဆန်များတင်သွင်းမှုကြောင့် စပါးဈေးပြန်တက်သွားကြောင်း မှတ်ချက်ပြုခဲ့သည်။ စက် တင်ဘာလ ၁၁ ရက်နေ့တွင် အရည်အသွေးမြင့်စပါးတစ်ကီလိုရမ်လျှင် ဗီယက်နမ်ဒေါင် ၆၀၀၀(အမေရိကန်ဒေါ်လာ ၀.၂၃)ကျော်ဖြင့် ရောင်းချခဲ့ပြီး သာမန်စပါးတစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၅၀၀၀ နှုန်းဖြင့်ရှိကြောင်း သိရှိရပါသည်။
Trung An Hi-Tech Farming JSC ၏ ဥက္ကဋ္ဌဖြစ်သူ Pham Thai Binh က နွေ-ဆောင်းဦးသီးနှံများ အများအပြားရိတ်သိမ်းနေပြီဖြစ်သောကြောင့် ဖိလစ်ပိုင်၏ ဆိုင်းငံ့ထားမှုသည် ပို့ကုန်အလုံးစုံကို ထိခိုက်စေမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။
နိုင်ငံတကာလုပ်ဖော်ကိုင်ဖက်များနှင့် ယုံကြည်စိတ်ချမှုကို ထိန်းသိမ်းထားနိုင်ရန်၊ စီးပွားရေးလုပ်ငန်းအများအပြားက ပို့ကုန်များကိုပံ့ပိုးပေးရန်နှင့် စာရင်းများကိုထုတ်ပြန်ရန် အစိုးရအား တိုက်တွန်းထားကြောင်း ဖော်ပြထားပါသည်။
ဩဂုတ်လကုန်တွင် ဗီယက်နမ်နိုင်ငံသည် စပါးဟက်တာ ၃.၃ သန်းရိတ်သိမ်းနိုင်ခဲ့ပြီး တန်ချိန် ၂၀.၅၂ သန်းထွက်ရှိကြောင်း သိရှိရပါသည်။ လက်ကျန်ကာလတွင် ဆောင်းဦး-ဆောင်းသီးနှံကို စိုက်ဧက ၇၀၈,၀၀၀ ကျော်စိုက်ပျိုးရန် စီစဉ်ထားပြီး တောင်သူများ၊ သမဝါယမများနှင့် စီးပွားရေးလုပ်ငန်းများ ကောင်းမွန်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ပါက ထောက်ပံ့မှုနှင့် ဝယ်လိုအားဟန်ချက်ညီစေမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
စပါးရိတ်သိမ်းပြီးနောက် သီးသန့်ဆန်သိုလှောင်ရုံများ၊ ဆန်ကြိတ်ခွဲခြင်းနှင့် ခေတ်မီထိန်းသိမ်းနည်းပညာများအပါအဝင် ရိတ်သိမ်းချိန်လွန်အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုလိုအပ်ကြောင်း ဦးစီးဌာနက အလေးပေးပြောကြားခဲ့သည်။ အဆိုပါအခြေခံအဆောက်အဦများမရှိပါက စပါးရိတ်သိမ်းချိန်အတွင်း စပါးထောက်ပံ့မှုကွင်းဆက်သည် နှောင့်နှေးမှုနှင့် ထိရောက်မှုအားနည်းမှုများကို ဖြစ်စေနိုင်ကြောင်း၊ တိုးတက်သောအခြေခံအဆောက်အဦများဖြင့် ဆန်များကို စနစ်တကျ သိမ်းဆည်းကာ ငွေသားရရှိရန် အလျင်စလို ရောင်းချခြင်းထက် စာချုပ်များဖြင့် ကမ္ဘာ့ဈေးကွက်အပေါ်အခြေခံ၍ အသင့်အတော်ဆုံးအချိန်ကို ရွေးချယ်နိုင်မည်ဖြစ် ကြောင်း ဖော်ပြထားပါသည်။
၂၀၂၅ ခုနှစ် နောက်ဆုံး လေးလတွင် စပါးတန်ချိန် ၁၃.၈ သန်း ထပ်မံရိတ်သိမ်းနိုင်မည်ဟု စိုက်ပျိုးထုတ်လုပ်မှုနှင့် ကာကွယ်ရေးဌာနမှ ခန့်မှန်းထားပါသည်။ ၎င်းတွင် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ ဆောင်းဦး-ဆောင်းသီးနှံမှ တန်ချိန် ၆ သန်းခန့်ပါဝင်ပြီး ဒေသတွင်းပြိုင်ဘက်များထက် ပြိုင်ဆိုင်မှုအသာစီးရရှိစေမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
၁၂-၉-၂၀၂၅
Source: Vietnam Plus
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)