ဗီယက်နမ်နိုင်ငံ၏ အုန်းသီးတင်သွင်းမှုသည် ယခုနှစ် ပထမ ၇ လအတွင်း ၁၉ ဆနီးပါး အမေရိကန်ဒေါ်လာ ၃၁.၂ သန်းအထိခုန်တက်သွားကြောင်း ဗီယက်နမ်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အသင်း၏ အဆိုအရ သိရှိရပါသည်။
ဗီယက်နမ်သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များအသင်း(Vinafruit)၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ Dang Phuc Nguyen က အုန်းသီးတင်သွင်းမှု သိသိသာသာမြင့်တက်လာခြင်းမှာ ပြည်ပသို့ တင်ပို့မှုမြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်းပြောကြားခဲ့သည်။ အုန်းသီးများကိုပိုမိုတင်ပို့နိုင်ခြင်းကြောင့် ပြည်တွင်းစားသုံးရန်လက်ကျန်နည်းပါးသွားစေကြောင်း ဖော်ပြထားပါသည်။
တရုတ်၊ အမေရိကန်နှင့် အရှေ့အလယ်ပိုင်းကဲ့သို့သောဈေးကွက်များသည် ဗီယက်နမ်မှ ဝယ်ယူသူများအရှိန်မြှင့်လျက်ရှိပြီး ပြည်တွင်းစားသုံးမှုအတွက် ပြတ်တောက်မှု (သို့မဟုတ်) မြင့်မားသောဈေးနှုန်းများဖြစ်ပေါ်စေလျက်ရှိပါသည်။ ၂၀၂၃ ခုနစ်တွင် အမေရိကန်သည် အုန်းလတ်လတ်ဆတ်ဆတ်များကို ၎င်းဈေးကွက်အတွင်းရောင်းချရန် တရားဝင်ခွင့်ပြုခဲ့သည်။ ထို့နောက် တရုတ်သည် ဗီယက်နမ်အုန်း လတ်လတ်ဆတ်ဆတ်များကို ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ဈေးကွက်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။
ပထမ ၇ လအတွင်း အုန်းသီးတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၃၀၆.၂ သန်းအထိရှိပြီး ပြုပြင်ပြီးအုန်းသီးတင်ပို့မှု ၅၇ ရာခိုင်နှုန်းတိုးလာကြောင်း၊ အုန်းသီးလတ်လတ်ဆတ်ဆတ်တင်ပို့မှု ၁၅ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ဖော်ပြထားပါသည်။ အဆိုပါလိုအပ်ချက်များနှင့် ကိုက်ညီစေရန်အတွက် ပြုပြင်ထုတ်လုပ်သည့် ကုမ္ပဏီအများအပြားသည် အင်ဒိုနီးရှားနှင့်ပါပူဝါနယူးဂီနီတို့မှ အုန်းသီးများကို တင်သွင်းလျက်ရှိကြောင်း ဖော်ပြထားပါသည်။
သို့သော် ဗီယက်နမ်သည် ပါပူဝါနယူးဂီနီနှင့် အုန်းကုန်သွယ်မှုဆိုင်ရာ တရားဝင်သဘောတူညီချက်ကို လက်မှတ်မထိုးရသေးသောကြောင့် ထိုနိုင်ငံမှ တင်သွင်းမှုမှာ အကန့်အသတ်ရှိနေဆဲဖြစ်ကြောင်းသိရှိရပါသည်။ ဗီယက်နမ်အုန်းသီးအသင်းအဆိုအရ ယခုနှစ်ပထမနှစ်ဝက်တွင် ရောင်းလိုအား ပြတ်လပ်မှုကြောင့် အုန်းခြံမှဈေး သည် ၁ လုံးလျှင် ဗီယက်နမ်ဒေါင် ၁၉,၀၀၀ သို့ စံချိန်တင်မြင့်တက်ခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။
ဆိုလိုသည်မှာ ပရီမီယံသစ်သီးဝလံများ၏ လက်လီဈေးသည် ၁ လုံးလျှင် ဗီယက်နမ်ဒေါင် ၂၅,၀၀၀ ခန့်အထိရောက်ရှိခဲ့ပြီး လွန်ခဲ့သည့်လေးနှစ်ကထက် ခြောက်ဆကျော်မြင့်တက်လာကာ စိုက်ပျိုးရေးကဏ္ဍတွင် ပုံမှန်မဟုတ်သော မြင့်တက်မှုတစ်ခုဖြစ်ကြောင်း၊ ထို့သို့ဈေးနှုန်းကြီးမြင့်မှုကြောင့် စိုက်ပျိုးမှုတိုးချဲ့မှုကို တွန်းအားပေးခဲ့ကြောင်း ဖော်ပြထားပါသည်။
ယခုအခါ ဗီယက်နမ်နိုင်ငံသည် အုန်းသီးစိုက်ပျိုးဧရိယာ ဟက်တာ ၂၀၀,၀၀၀ ကျော်ရှိပြီး နှစ်စဉ် အသီးတန်ချိန် ၂ သန်းခန့်ထွက်ရှိကြောင်း ဖော်ပြထားပါသည်။
Source: VN Express International
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)