International News

သံမဏိနှင့်မော်တော်ယာဉ်အစိတ်အပိုင်းများအပေါ် အမေရိကန်၏ အခွန်စည်းကြပ်မှုအပေါ် အိန္ဒိယက တုံ့ပြန်အရေးယူမှုအသစ်များဆောင်ရွက်ရန်စီစဉ်

Last Updated:

အိန္ဒိယနှင့်အမေရိကန်ပြည်ထောင်စုတို့သည် နှစ်နိုင်ငံအကြား ကုန်သွယ် ရေးသဘောတူညီချက်(Bilateral Trade Agreement-BTA)အတွက် ဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိနေသော်လည်း အိန္ဒိယနိုင်ငံသည် သံမဏိနှင့် အလူမီနီယံနှင့် မော်တော်ယာဉ်အစိတ်အပိုင်းများတင်သွင်းမှုများအပေါ် အမေရိကန်ပြည်ထောင်စု၏အကောက်ခွန်စည်းကြပ်မှုကို တုံ့ပြန်သည့်အနေဖြင့် စီစဉ်ထားသော တန်ပြန်အရေးယူဆောင်ရွက်မှုများ၏ အတိုင်းအတာကို တိုးမြှင့်လိုက်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)သို့ မကြာသေးမီပေးပို့လိုက်သော အသိပေးအကြောင်းကြားစာတွင် အမေရိကန်ပြည်ထောင်စုသည် ပြန်လည်ပြင်ဆင်ထားသော အကောက်ခွန်များမှတစ်ဆင့် ကောက်ခံမည့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၂ ဘီလီယံတန်ဖိုးရှိ ထပ်တိုးတင်သွင်းခွန်များနှင့်ကိုက်ညီစေရန် အမေရိကန်သွင်းကုန်များအပေါ်ထားရှိသောအကောက်ခွန်များကို ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ဖော်ပြ ထားကြောင်းသိရသည်။ အမေရိကန်ပြည်ထောင်စုသည် ဇွန်လ ၃ ရက်နေ့တွင် သံမဏိ၊ အလူမီနီယံနှင့် ၎င်းတို့၏ ဆက်စပ်ပစ္စည်းများအပေါ်ထားရှိသော အခွန်များကို ၂၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းသို့တိုးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုးမြှင့်လိုက်သော အခွန်များကြောင့် အမေရိကန်ပြည်ထောင်စုသို့တင်ပို့သည့် အိန္ဒိယနိုင်ငံ၏ပို့ကုန် တန်ဖိုးအမေရိကန်ဒေါ်လာ ၇ ဒသ မ ၆ ဘီလီယံအပေါ်သက်ရောက်မှုရှိကြောင်းသိရသည်။ "ဤအကြောင်း ကြားစာထုတ်ပြန်သည့်နေ့မှ ရက်ပေါင်းသုံးဆယ်ကျော်လွန်ပါက အထူးအခွင့်အရေးများ သို့မဟုတ် အခြားသောတာဝန်ဝတ္တရားများကို ဆိုင်းငံ့ပိုင်ခွင့်အား အိန္ဒိယနိုင်ငံကလက်ဝယ်ထားရှိသည်"ဟု အဆိုပါအကြောင်း ကြားစာတွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံက အမေရိကန်ပြည်ထောင်စု၏ အခွန်နှုန်းထားပြောင်းလဲမှုများသည် ကာကွယ်ရေးဆိုင်ရာအစီအမံများ(safeguard measures) အဖြစ် သတ်မှတ်နိုင်သော်လည်း အဆိုပါအပြောင်းအလဲများကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)သို့အကြောင်းကြားရန် ပျက်ကွက်ခဲ့ကြောင်း ထောက်ပြခဲ့သည်။အမေရိကန်၏လုပ်ဆောင်ချက်များသည် ၁၉၉၄ ခုနှစ် GATT သဘောတူညီချက်နှင့် ကာကွယ်ရေးဆိုင်ရာ အစီအမံများဆိုင်ရာ သဘောတူညီချက်(Agreement on Safeguards-AoS)တို့အရ ၎င်း၏ ကတိကဝတ်များနှင့်ကိုက်ညီမှုမရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ထို့အပြင် အမေရိကန်ပြည်ထောင်စုသည် AoS မူဘောင်အရ လိုအပ်သည့်အတိုင်း အိန္ဒိယနိုင်ငံနှင့်ညှိနှိုင်းဆွေးနွေးမှုများ မပြုလုပ်ခဲ့ကြောင်းကိုလည်း အိန္ဒိယနိုင်ငံက မှတ်ချက်ပြုခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် ၂၀၂၄ ခုနှစ် မတ်လတွင် အမေရိကန်ပြည်ထောင်စုမှ ချမှတ်ခဲ့သော သံမဏိနှင့်အလူမီနီယံအပေါ် ၂၅ ရာခိုင်နှုန်း အခွန်စည်း ကြပ်မှုပထမအသုတ်ကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၁ ဘီလီယံကောက်ခံရန် အကောက်ခွန်များချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်မေလတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)သို့ ကနဦးအကြောင်းကြားခဲ့ကြောင်းသိရသည်။ အိန္ဒိယနိုင်ငံက ယခုလ ၄ ရက်နေ့တွင် အိန္ဒိယပို့ကုန် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၉ ဘီလီယံကို သက်ရောက်မှုရှိစေသည့် မော်တော်ယာဉ်နှင့် မော်တော် ယာဉ်အပိုပစ္စည်းများအပေါ် ကောက်ခံမည့် အမေရိကန်၏ ၂၅ ရာခိုင် နှုန်းထပ်တိုးအခွန်များကို တုံ့ပြန်သွားမည့်အစီအစဉ်ကိုလည်း WTO သို့ အသိပေးအကြောင်းကြားခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် ၂၀၁၉ ခုနှစ်က Trump အစိုးရမှ ချမှတ်ခဲ့သော အလားတူ အမေရိကန်အခွန်များကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ထုတ်ကုန် ၂၁ မျိုးအပေါ် အကောက်ခွန်များတိုးမြှင့်ကောက်ခံခြင်းဖြင့် တုံ့ပြန်ခဲ့ဖူးကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်တွင် ဝန်ကြီးချုပ်မိုဒီ၏ အမေရိကန်ခရီးစဉ်အတွင်း သံမဏိနှင့် အလူမီနီယံဆိုင်ရာ အငြင်းပွားမှုများအပါအဝင် WTO တွင်ဆိုင်းငံ့ထားသော အငြင်းပွားမှုအားလုံးကို ရုပ်သိမ်းရန် နှစ်နိုင်ငံသဘောတူခဲ့ကြကြောင်း သိရသည်။

Source:      Trade Promotion Council of India, India plans fresh retaliatory duties against US steel & auto duties, July 11, 2025

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News