အိန္ဒိယနိုင်ငံ၏ ပြောင်းတင်သွင်းမှုသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း တန်ချိန် ၉ ဒသမ ၇ သိန်းသို့စံချိန်တင်ရောက်ရှိခဲ့ပြီး ၂၀၂၃-၂၄ ဘဏ္ဍာနှစ်က တင်သွင်းခဲ့သည့် တန်ချိန် ၁ ဒသမ ၃၇ သိန်းထက် ခြောက်ဆတိုးလာခဲ့ကြောင်း၊ တိရစ္ဆာန်အစာ၊ ပြောင်းကော်မှုန့်(starch)နှင့် အီသနောကဲ့သို့သောအဓိကသုံးစွဲသည့်ကဏ္ဍများမှ ပြောင်းလိုအပ်ချက်မြင့်တက်လာမှုကြောင့် အိန္ဒိယနိုင်ငံသည် ယခုနှစ်အတွင်း ပြောင်းအသားတင်တင်သွင်းသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပြီး ပို့ကုန်မှာမူ သိသိသာသာနှေးကွေးသွားခဲ့ကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၁၅ ရက်နေ့တွင် ဖော်ပြသည်။
ယခုနှစ်အတွင်း ပြောင်းတင်ပို့မှုသည် ယခင်ဘဏ္ဍာနှစ်က တန်ချိန် ၁၄ ဒသမ ၄၂ သိန်းမှ တန်ချိန် ၅ ဒသမ ၅၆ သိန်းသို့ ၆၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းသိရသည်။ ပြောင်းတင်ပို့မှုသည် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်က တန်ချိန် ၃၄ ဒသမ ၅၃ သိန်းကျော်စံချိန်တင်တင်ပို့ခဲ့ရာမှ သိသိသာသာကျဆင်းလာခဲ့ခြင်းဖြစ်သည်။ တန်ဖိုးအားဖြင့် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၁ ဘီလီယံမှ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂၀၁ သန်းသို့ ထိုးကျသွားခဲ့ကြောင်း သိရသည်။
အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန၏ တတိယအကြိမ်ကြိုတင်ခန့်မှန်းချက်များအရ ပြည်တွင်းပြောင်းထုတ်လုပ်မှုသည် တန်ချိန် ၄၂၂ ဒသမ ၈၁ သိန်းသို့ စံချိန်တင်ရောက်ရှိခဲ့သော်လည်း ယခင်ဘဏ္ဍာနှစ်က ပြောင်းတင်သွင်းမှုမြင့်တက်ခဲ့သည်။ အိန္ဒိယနိုင်ငံ၏ ပြောင်းထုတ်လုပ်မှုသည် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်က တန်ချိန် ၂၂၅ ဒသမ ၆၇ သိန်းခန့်မှ လွန်ခဲ့သော ၁၀ နှစ်အတွင်း နှစ်ဆနီးပါးတိုးတက်လာခဲ့ကြောင်း တွေ့ရှိရသည်။
၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း ပြောင်းတန်ချိန်တစ်သန်းနီးပါးတင်သွင်းခဲ့မှုကြောင့် ယခုနှစ်အတွက် တန်ချိန် ၇ ဒသမ ၇ သိန်းခန့်တင်သွင်းမည်ဟု ခန့်မှန်းထားသော ကုန်သွယ်မှုခန့်မှန်းချက်များကို ကျော်လွန်သွားခဲ့ကြောင်း သိရသည်။
"အိန္ဒိယနိုင်ငံဟာ မကြာသေးခင်ကမှ ပြောင်းကိုအသားတင်တင်သွင်းတဲ့နိုင်ငံဖြစ်လာခဲ့ပြီး အာရှမှာ အဓိကတင်ပို့တဲ့နိုင်ငံအဖြစ် ရပ်တည်ခဲ့တဲ့ သမိုင်းဝင်အနေအထားကနေ သိသာတဲ့အပြောင်းအလဲတစ်ခုဖြစ်လာပါတယ်" ဟု တိရစ္ဆာန်အစာထုတ်လုပ်သူများ၏ အဓိကကုန်သွယ်ရေးအဖွဲ့အစည်းဖြစ်သော CLFMA အသင်း၏ဥက္ကဋ္ဌဖြစ်သူ Divya Kumar Gulati က ပြောကြားခဲ့သည်။ ပြောင်းကို တိရစ္ဆာန်အစာထုတ်လုပ်မှုကဏ္ဍမှ အများဆုံးအသုံးပြုပြီး ၎င်းနောက်တွင် ပြောင်းကော်မှုန့်နှင့် အီသနော ထုတ်လုပ်သူများက အသုံးပြုကြကြောင်း သိရသည်။
ပြောင်းတင်သွင်းမှုမြင့်တက်လာရခြင်းမှာ အီသနောထုတ်လုပ်မှုတိုးမြှင့်ခြင်း၊ပြည်တွင်းဝယ်လိုအားက ထုတ်လုပ်မှုကိုကျော်လွန်ခြင်း၊ ပြည်တွင်း ဈေးနှုန်းများမြင့်တက်ခြင်းနှင့် တိရစ္ဆာန်အစာဝယ်လိုအားမြင့်တက်ခြင်းစသည့်အကြောင်းအရင်းများကြောင့်ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။"အဓိကအကျဆုံးအချက်ကတော့ ဇီဝလောင်စာရောစပ်မှုပန်းတိုင် ရည်မှန်းချက်ကို ပြည့်မီဖို့အတွက် အီသနောထုတ်လုပ်မှု၊ အထူးသဖြင့် ပြောင်းအခြေခံအီသနောထုတ်လုပ်မှုကို အရှိန်အဟုန်နဲ့ တိုးမြှင့်နေတာပဲဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် အစိုးရသည် မိုးခေါင်မှုစိုးရိမ်ချက်များကြောင့် အီသနောအတွက် ကြံအသုံးပြုမှုကို ကန့်သတ်ခဲ့ရာ အရက်ချက်စက်ရုံများက ပြောင်းကို အစား ထိုးကုန်ကြမ်းအဖြစ် အဓိကအားကိုးလာခဲ့ပြီး တင်သွင်းမှုများမြင့်တက်လာခဲ့ကြောင်း သိရသည်။
"ပြည်တွင်းပြောင်းထုတ်လုပ်မှုတိုးတက်လာပေမယ့် ကြက်စာနဲ့ ပြောင်းကော်မှုန့်ထုတ်လုပ်မှုကဏ္ဍတွေရဲ့ ဝယ်လိုအားအပြင် အီသနောကဏ္ဍရဲ့ ဝယ်လိုအားအသစ်တွေကြောင့် ပြည်တွင်းထောက်ပံ့နိုင်မှုအတိုင်းအတာကို ကျော်လွန်သွားပါတယ်" ဟု Gulati က ပြောကြားခဲ့သည်။ ထို့အပြင် ကမ္ဘာတစ်ဝန်းတွင် မျိုးရိုးဗီဇပြုပြင်မထားသော(non-GM)ပြောင်းထောက်ပံ့နိုင်သည့် ရင်းမြစ်များမှာ အကန့်အသတ်ဖြင့်သာရရှိနိုင်ခြင်းကလည်း ပြည်တွင်းဈေးနှုန်းများမြင့်တက်လာမှုအပေါ် အထောက်အကူ ဖြစ်စေခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံသည် မျိုးရိုးဗီဇပြုပြင်မထားသော ပြောင်းကိုသာ တင်သွင်းပြီး အဓိကတင်သွင်းသည့်နိုင်ငံများမှာ မြန်မာနိုင်ငံနှင့်ယူကရိန်းနိုင်ငံတို့ဖြစ်ကြောင်း သိရသည်။
IGrain India မှ Rahul Chauhan က အီသနောထုတ်လုပ်မှုတိုးမြှင့်ခြင်းသည် တိရစ္ဆာန်အစာကဏ္ဍ၏ ဝယ်လိုအားအပြင် ပြောင်းတင်သွင်းမှုမြင့်တက်ရခြင်း၏ အဓိကအကြောင်းအရင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ သို့သော် မကြာသေးမီရက်များအတွင်း အရက်ချက်စက်ရုံများမှထွက်ရှိသော ဘေးထွက်ပစ္စည်း(Distillers’ Dried Grains with Solubles-DDGS)များပိုမိုရရှိလာခြင်းကြောင့် တိရစ္ဆာန်အစာကဏ္ဍမှ ပြောင်းအသုံး ပြုမှုမှာ အတိုင်းအတာတစ်ခုအထိ လျော့ကျသွားနိုင်သည်ဟု ၎င်းက ပြောကြားခဲ့သည်။ အဆိုပါ DDGS သည် ပြောင်းနှင့်ဆန်ကဲ့သို့သော ကောက်နှံများကို ကုန်ကြမ်းအဖြစ် အသုံးပြုသည့်အီသနောထုတ်လုပ်မှုလုပ်ငန်းစဉ်မှ ဘေးထွက်ပစ္စည်းတစ်ခုဖြစ်ကြောင်း သိရသည်။
မကြာသေးမီက အိန္ဒိယစိုက်ပျိုးရေးဝန်ကြီး Shivraj Singh က အိန္ဒိယနိုင်ငံသည် ၂၀၄၇ ခုနှစ်တွင် ပြောင်းထုတ်လုပ်မှုကို တန်ချိန် ၈၆ သန်းအထိ နှစ်ဆတိုးမြှင့်နိုင်သည့်အလားအလာရှိသည်ဟု ပြောကြားခဲ့သည်။ လက်ရှိ ခါရစ်(မိုးရာသီ)သီးနှံစိုက်ပျိုးရာသီတွင် တောင်သူများသည် ပြောင်းစိုက်ဧကများကို တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ယခုလ ၁၁ ရက်နေ့စာရင်းများအရ ဟက်တာ ၆၁ ဒသမ ၈၈ သိန်းရှိပြီး ယခင်နှစ် အလားတူကာလက ဟက်တာ ၅၉ ဒသမ ၇၃ သိန်းထက် ၃ ဒသမ ၆ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း သိရသည်။
Source: The Hindu Businessline, India was a net importer of maize in 2024-25 despite record output, July 15, 2025
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)