အမေရိကန်နိုင်ငံနှင့်တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးဆိုင်ရာတင်းမာမှုများဖြစ်ပေါ်နေခြင်းကြောင့် တရုတ်နိုင်ငံမှထွက်ရှိသည့် ကြက်သွန်နီနှင့်ကြက်သွန်ဖြူအပါ အဝင်အခြားသောကုန်စည်များကို အမေရိကန်နိုင်ငံသို့ တင်ပို့နိုင်ခြင်းမရှိသည့် အတွက် တရုတ်နိုင်ငံအတွင်း ကုန်စည်ပိုလျှံမှုများဖြစ်ပေါ်ကာ ဂျပန်နိုင်ငံသို့ တိုးမြှင့်တင်ပို့လာသည့်အတွက် ဂျပန်နိုင်ငံတွင် ကြက်သွန်နီနှင့် ကြက်သွန်ဖြူဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း ၁၂-၈-၂၀၂၅ ရက်နေ့ထုတ် The Nikkei Asia သတင်းစာတွင် “US-China trade tensions mean cheaper onions, garlic for Japan” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါသတင်းတွင် ဂျပန်နိုင်ငံအနေဖြင့် နိုင်ငံအတွင်းစားသုံးရန်လိုအပ်သော ကြက်သွန်ဖြူများ၏ ထက်ဝက်နီးပါးကို ပြည်ပနိုင်ငံများမှ ဝယ်ယူတင်သွင်းရလျက်ရှိကြောင်းနှင့် ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် ပြည်ပမှ ဝယ်ယူတင်သွင်းရသည့် ကြက်သွန် ဖြူဈေးနှုန်းမှာ ၁၈ ရာခိုင်နှုန်းနှင့် ကြက်သွန်နီဈေးနှုန်းမှာ ၁၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းနှင့် လက်ကားဈေးနှုန်းများမှာ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း ဖော်ပြထားပါသည်။
တရုတ်နိုင်ငံမှ တင်သွင်းရသည့် သွင်းကုန်ဈေးနှုန်းများ ကျဆင်းခဲ့ခြင်းကြောင့် ဂျပန်ခေါက်ဆွဲနှင့် ဆိုဘခေါက်ဆွဲ(ပန်းဂျုံခေါက်ဆွဲ)ကဲ့သို့သော ဟင်းလျာများနှင့် တရုတ်ဟင်းလျာများအတွက် တရုတ်နိုင်ငံမှ ဟင်းသီးဟင်းရွက်ဝယ်ယူတင်သွင်းလျက်ရှိသည့်စားသောက်ဆိုင်များမှာ အမြတ်ဝင်ငွေများ ပိုမိုရရှိလျက်ရှိကြကြောင်း၊ တရုတ်နိုင်ငံမှ တင်သွင်းလျက်ရှိသော ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ဧပြီလမှစတင်၍ ကျဆင်းလာလျက်ရှိကြောင်း၊တရုတ်နိုင်ငံထုတ် ကြက်သွန်နီဈေးနှုန်းများမှာ ယခင်လနှင့်နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအကြား ကျဆင်းလျက်ရှိကြောင်း ဖော်ပြထားပါသည်။
အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှ ထွက်ကုန်များအပေါ် ၂၀၂၅ ခုနှစ်၊ ဖေ ဖော်ဝါရီလတွင် ၁၀ ရာခိုင်နှုန်းအကောက်ခွန်ကောက်ခံခဲ့သည့်အတွက် အမေရိကန်နိုင်ငံသို့ တရုတ်နိုင်ငံမှ ဟင်းသီးဟင်းရွက်များတင်ပို့မှုမှာ ကျဆင်းခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်၊ မေလတွင် အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၄ သန်းတန်ဖိုးရှိ လတ်ဆတ်သည့်ဟင်းသီးဟင်းရွက်များနှင့် အေးခဲဟင်းသီးဟင်းရွက်များတင်သွင်းခဲ့ပြီး ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၄၀ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်၊ မေလတွင် အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံအပေါ် အကောက် ခွန်လျှော့ချပေးခဲ့သော်လည်း တရုတ်နိုင်ငံအတွင်း ဟင်းသီးဟင်းရွက်ပိုလျှံမှုများဖြစ်ပေါ်နေဆဲဖြစ်ကြောင်း ဖော်ပြထားပါသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နှောင်းပိုင်းတွင် တိုကျိုရှိ ဗဟိုလက်ကားဈေးကွက်၌ တရုတ်နိုင်ငံထုတ် ကြက်သွန်နီဈေးနှုန်းမှာ ၈ ရာခိုင်နှုန်း၊ ကြက်သွန်ဖြူဈေးနှုန်းမှာ ၉ ရာခိုင် နှုန်းနှင့် ကြက်သွန်မြိတ်ဈေးနှုန်းမှာ ၁၇ ရာခိုင်နှုန်းကျဆင်းလျက်ရှိကြောင်း ဖော်ပြထားပါသည်။
(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)