ဂျပန်နိုင်ငံတွင် ဖိလစ်ပိုင်ငှက်ပျောသီးများတင်သွင်းမှုကျဆင်းလာသည့်အတွက် ဝယ်ယူသူများအနေဖြင့် စတိုးဆိုင်များတွင် ဗီယက်နမ်ငှက်ပျောသီးများကို ပိုမိုဝယ်ယူလာလျက်ရှိကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံမှ ငှက်ပျောသီး ၃၃,၀၀၀ တန်တင်သွင်းခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် တင်သွင်းခဲ့မှု၏ ၁၄ ဆနီးပါးများပြားခဲ့ကြောင်းနှင့် ဗီယက်နမ်နိုင်ငံမှ တင်သွင်းမှုမှာလည်း စုစုပေါင်းတင်သွင်းမှု၏ ၀.၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ၃.၂ ရာခိုင်နှုန်းအထိများပြားခဲ့ကြောင်း ၉-၈-၂၀၂၅ ရက်နေ့ထုတ် The Nikkei Asia သတင်းစာတွင် “Vietnam takes bite out of Philippine bananas' market share in Japan” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် ဗီယက်နမ်နိုင်ငံမှ ဂျပန်နိုင်ငံသို့ ငှက်ပျောသီးတင်ပို့မှုမှာ ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂ ဆကျော်မြင့်တက်ခဲ့ကြောင်း၊ ဗီ ယက်နမ်ငှက်ပျောသီးများမှာ အရည်အသွေးကောင်းမွန်ပြီး၊ ဈေးနှုန်းချိုသာသည့် အတွက် ဂျပန်နိုင်ငံမှ ပိုမိုဝယ်ယူလာကြခြင်းဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံသည် မက္ကဆီကိုနှင့် အီကွေဒေါအစရှိသည့် လက်တင်အမေရိကနိုင်ငံများနှင့်နှိုင်းယှဉ်ပါက ဂျပန်နိုင်ငံနှင့်ပိုမိုနီးကပ်စွာတည်ရှိကြောင်း၊ဂျပန်ဈေးကွက်တွင် ဗီယက်နမ်ငှက်ပျော သီးများသည် ဖိလစ်ပိုင်ငှက်ပျောသီးများ၏ ဈေးနှုန်းထက် ၁၀ ရာခိုင်နှုန်းသက်သာကြောင်း ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံမှ ဖိလစ်ပိုင်ငှက်ပျောသီးတင်သွင်းသူများအနေဖြင့် ဖိလစ်ပိုင်နိုင်ငံရှိ ငှက်ပျောစိုက်ပျိုးထုတ်လုပ်သူများနှင့်ပူးပေါင်းကာ ဂျပန်ဈေးကွက်အတွင်း ဖိလစ်ပိုင်ငှက်ပျောသီးစဉ်ဆက်မပြတ်ရရှိစေရေး ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၀၁၀ ပြည့်နှစ်အစောပိုင်းတွင် ဂျပန်ဈေးကွက်၏ ၉၀ ရာခိုင်နှုန်းနီးပါးကို နေရာယူနိုင်ခဲ့ကြောင်း၊ သို့သော် နောက်ပိုင်းတွင် အပင်ရောဂါများနှင့် ရာသီဥတုဒဏ်ကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် ငှက်ပျောထုတ်လုပ်မှုကျဆင်းခဲ့သည့် အပြင်လုပ်အားခများ များပြားလာခြင်းကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်များမြင့်မားလာသည့်အတွက် ဈေးနှုန်းများလည်းမြင့်တက်လာကြောင်း၊ သို့သော် လက်ရှိတွင် ဖိလစ်ပိုင်နိုင်ငံသည် ဂျပန်နိုင်ငံ၏ငှက်ပျောသီးအများဆုံးတင်သွင်းသူအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ် ကြောင်းနှင့် ၂၀၂၄ ခုနှစ်တွင် ဂျပန်နိုင်ငံမှ ငှက်ပျောသီးစုစုပေါင်းတင်သွင်းမှု၏ ၇၅ ရာခိုင်နှုန်းကို ဖိလစ်ပိုင်နိုင်ငံမှ တင်သွင်းခဲ့ကြောင်း၊ သို့သော် ဖိလစ်ပိုင်နိုင်ငံအနေ ဖြင့် ငှက်ပျောသီးအရည်အသွေးကို ထိန်းထားနိုင်ခြင်းမရှိသည့်အတွက် ဂျပန်နိုင်ငံမှ တင်သွင်းသူများအနေဖြင့် ဖိလစ်ပိုင်ငှက်ပျောသီးများကို လျှော့ချတင်သွင်းလျက်ရှိကြောင်း ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံနှင့်ဗီယက်နမ်နိုင်ငံတို့သည် ပစိဖိတ်ဖြတ်ကျော်မိတ်ဖက်ဆက်ဆံရေးနှင့်ဘက်စုံတိုးတက်ရေးသဘောတူညီချက်(Comprehensive and Progressive Agreement for Trans-Pacific Partnership-CPTPP)၏ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့်အားလျော်စွာ ဂျပန်နိုင်ငံအနေဖြင့် ဗီယက်နမ်ငှက်ပျောသီးကို ၅.၄ ရာခိုင်နှုန်းအကောက်ခွန်ကောက်ခံလျက်ရှိကြောင်းနှင့် အဆိုပါအကောက်ခွန်နှုန်းကို တစ်ဖြည်းဖြည်းလျှော့ချကာ ၂၀၂၈ ခုနှစ်တွင် အကောက်ခွန်ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် ဖိလစ်ပိုင်နိုင်ငံမှ တင်ပို့လာသည့် ငှက်ပျော သီးကို တင်ပို့လာသည့်ကာလအပေါ်မူတည်၍ ၈ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်းအထိ အကောက်ခွန်ကောက်ခံလျက်ရှိသည့်အတွက် ဈေးနှုန်းအရ ကြည့်မည်ဆိုပါက ဗီယက်နမ်ငှက်ပျောသီးများမှာ များစွာအားသာလျက်ရှိကြောင်း ဖော်ပြထားပါ သည်။
(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)