Local News

(၂၂) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကျင်းပ

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိကျင်းပမည့် (၂၂)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်၌ ရန်ကုန်မြို့ရှိ ပို့ကုန်/သွင်းကုန်ရုံး၊ ကုန်သွယ်ရေးဦးစီးဌာန(ရန်ကုန်)အစည်းအဝေးခန်းမတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန် ကြားရေးမှူးချုပ်ဒေါက်တာထိန်လင်းနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ကုန်စည်ပြပွဲတွင် ပါဝင်ပြသမည့် ကုမ္ပဏီ/လုပ်ငန်းရှင်စုစုပေါင်း ၁၀၄ ဦး တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေး မှူးချုပ်က ကုန်စည်ပြပွဲ၌ ပါဝင်ပြသမည့် ကုန်သည်လုပ်ငန်းရှင်များစည်းကမ်းစနစ်တကျရှိစေရေးလိုအပ်ချက်များကို မှာကြားခဲ့ပြီး ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊တွဲဖက်အထွေထွေအတွင်းရေးမှူးက ဖြည့်စွက်ဆွေးနွေး ခဲ့ပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးဒေါက်တာသက်လွင်ဦးက ကုန် စည်ပြပွဲတွင် ပါဝင်ပြသမည့်လုပ်ငန်းရှင်များအနေဖြင့် လိုက်နာဆောင် ရွက်ရမည့်စည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက် လာသည့် ကုန်သည်လုပ်ငန်းရှင်များက သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းခဲ့ကြပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်က မေးမြန်းချက် များအား ပြန်လည်ဖြေကြား၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

(၂၂)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် ကုန်စည်ပြခန်းပေါင်း ၁၂၀ ခန်းပါဝင်ပြသမည်ဖြစ်ပြီး မြန်မာ့ထုတ်ကုန်များဖြစ်သည့် ကျောက်မျက်ရတနာများ၊ လယ်ယာထွက်ကုန်များ၊ စားသောက်ကုန်များ၊ လူသုံးကုန်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ

Category: Local News