အိန္ဒိယပဲမျိုးစုံစိုက်ပျိုးသူများသည် အခက်အခဲများကိုနှစ်ဆရင်ဆိုင်နေရပါကြောင်း၊ ပထမအချက်မှာ ကုလားပဲနှင့် မတ်ပဲကဲ့သို့သော ကောက်ပဲ သီးနှံများ၏ အထွက်နှုန်းနှင့်အရည်အသွေးသည် မိုးရေချိန်လွန်ကဲမှုကြောင့် ထိခိုက်နိုင်ခြေရှိကြောင်း၊ ဒုတိယအချက်မှာ အိန္ဒိယ၏ ပဲသီးနှံများမှာ ရာသီဥတုကြောင့်ထိခိုက်နေသော်လည်း ကမ္ဘာလုံးဆိုင်ရာဈေးကွက်တွင် ပဲဈေးနှုန်းများသည် ကျဆင်းနေခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ကုန်သွယ်ရေးနှင့် စိုက်ပျိုးရေးလုပ်ကိုင်သူများ၏ ထင်မြင်ချက်အရ စိုက်ပျိုးသူများက မိုးရာသီတွင် ပဲမျိုးစုံစိုက်ဧက အနည်းငယ်ပိုမိုစိုက်ပျိုးထားရှိသော်လည်း မိုးရေချိန်လွန်ကဲမှုက အထွက်နှုန်းနှင့် အရည်အသွေး ကို သိသိသာသာထိခိုက်စေခဲ့သောကြောင့် ထုတ်လုပ်မှုသည် ယမန်နှစ်ကထက် လျော့နည်းနိုင်ကြောင်း သိရှိရသည်။
ယေဘုယျအားဖြင့် ဇူလိုင်မှ စက်တင်ဘာအထိ မိုးရေချိန်လွန်ကဲမှုသည် မိုးရာသီသီးနှံများအတွက် အဓိကစိုးရိမ်စရာတစ်ခုဖြစ်လာပြီး ကန်နာတာကာ၊ မဟာရရှ်ထရာ၊ မဒ္ဒရာပရာဒက်ရှ်၊ ဂူဂျာရတ်နှင့် ရာဂျစ်စတန်တို့ကဲ့သို့သော အဓိကစိုက်ပျိုးရေးပြည်နယ်များတွင် သီးနှံများထိခိုက်မှုများရှိရာ ပဲသီးနှံများလည်း ပါဝင်ကြောင်းသိရှိရသည်။
အိန္ဒိယပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်း(IPGA)၏အတွင်းရေးမှူးဖြစ်သူ Satish Upadhyay က မိုးရေချိန်လွန်ကဲမှုကြောင့် ပဲသီးနှံထုတ်လုပ်သော ပြည်နယ်အားလုံးတွင် သီးနှံများပျက်စီးမှုရှိခဲ့သည့်အတွက် ယခုနှစ်မိုးရာသီပဲထွက်ရှိမှုသည် ယမန်နှစ်ထက် နည်းလိမ့်မည်ဖြစ်ကြောင်း၊ ပြည်နယ်အချို့တွင် မိုးဆက်လက်ရွာနေဆဲဖြစ်ပြီး ရက်အနည်းငယ်အတွင်း မိုးဆက်ရွာဦးမည်ဟု ခန့်မှန်းထားပါကြောင်း၊ အခြေအနေအား ဆက်လက်စောင့်ကြည့်နေသော်လည်း သေချာသည်မှာ သီးနှံ၏အရည် အသွေးနှင့် ပမာဏသည် ယမန်နှစ်ကထက် လျော့နည်းလိမ့်မည်ဖြစ် ကြောင်း ပြောကြားထားသည်။
ကန်နာတာကာ၊ မဟာရရှ်ထရာနှင့် မဒ္ဒရာပရာဒက်ရှ်ကဲ့သို့သော ပြည်နယ်များတွင် မိုးသည်းထန်မှုကြောင့် မတ်ပဲနှင့်ပဲတီစိမ်းရိတ်သိမ်းမှုကိုထိခိုက်ခဲ့သောကြောင့် ယမန်နှစ်နှင့်ယှဉ်လျှင် ထွက်ရှိမှုပမာဏ အနည်းငယ်လျော့နည်းခဲ့သကဲ့သို့ အရည်အသွေးလည်း ထိခိုက်ခဲ့ပါကြောင်း၊ ရာခိုင်နှုန်းအနေဖြင့် ၃၀ မှ ၅၀ အထိ ပျက်စီးနေသော မတ်ပဲနှင့် ပဲတီစိမ်းသီးနှံများသည်သာ ဈေးကွက်သို့ ရောက်ရှိလာမည်ဖြစ် ကြောင်း၊ ရာဂျစ်စတန်ပြည်နယ်တွင် ပဲတီစိမ်းနှင့်မတ်ပဲသီးနှံ၏ အခြေ အနေသည် ဆိုးဝါးလျက်ရှိကြောင်း Upadhyay က ပြောကြားထား သည်။
ပဲစိုက်ပျိုးသူများသည် ရိတ်သိမ်းပြီးနောက် အလားအလာများမကောင်း သောကြောင့် ခက်ခဲသောအခြေအနေကို ရင်ဆိုင်နေရပါကြောင်း၊ အကြောင်းရင်းမှာ ကနေဒါ၊ ဩစတြေးလျ၊ အာဖရိကနှင့် ရုရှားကဲ့သို့သော အဓိကထုတ်လုပ်သူများက ကောက်ပဲသီးနှံကောင်းမွန်ကြောင်း သတင်းထုတ်ပြန်ထားသောကြောင့်ဖြစ်ပါကြောင်း၊ သို့ရာတွင် ယခုအပတ်အတွင်း မတ်ပဲဈေးနှုန်းများအတက်ဘက်သို့ ရောက်ရှိနေကြောင်းလည်း သိရှိရသည်။
၂၀၂၅-၂၆ ရာသီအတွက် ကနေဒါနိုင်ငံ၏ပဲနီလေးထုတ်လုပ်မှုကို စိုက်ဧကပိုမိုများပြားသောကြောင့် တန်ချိန် ၃.၂ သန်းထွက်ရှိမည်ဟု ခန့်မှန်းထားသဖြင့် ပဲနီလေးဈေးနှုန်းများသည် ကျဆင်းလျက်ရှိပါကြောင်း၊ ဩစတြေးလျနိုင်ငံတွင်လည်း ပဲနီလေးစံချိန်တင်တန်ချိန် ၁.၇၁ သန်းထွက်ရှိမည်ဟု ခန့်မှန်းထားပြီး ကုလားပဲထုတ်လုပ်မှုမှာ တန်ချိန် ၂.၁၀ သန်းထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရှိရသည်။
မြန်မာနိုင်ငံက အောက်တိုဘာလအတွက် အရည်အသွေးမြင့် မတ်ပဲကို တစ်တန်လျှင် ဒေါ်လာ ၈၈၀ ဖြင့်ရောင်းချလျက်ရှိပြီး ဘရာဇီး၏ ထုတ်ကုန်သည် ဒေါ်လာ ၉၀၀ ဖြင့် ရောင်းချလျက်ရှိပါကြောင်း၊ ယခုတစ်ပတ်အတွင်း ဈေးနှုန်းများမှာ သုံးရာခိုင်နှုန်းတက်ခဲ့ကြောင်း၊ ကနေဒါနိုင်ငံက ပဲနီလေး(Green Lentils)ကို တစ်တန်လျှင် ဒေါ်လာ ၆၁၀ (အောက်တိုဘာ-နိုဝင်ဘာ)ဖြင့် ကမ်းလှမ်းနေစဉ် ရုရှားက ၆၉၅ ဒေါ်လာ (အောက်တိုဘာ)ဖြင့် ကမ်းလှမ်းလျက်ရှိကြောင်း၊ မာလာဝီ၊ တန်ဇန်းနီးယားနှင့် မိုဇမ်ဘစ်တို့က ပဲစင်းငုံကို တစ်တန်လျှင် ဒေါ်လာ ၅၀၀၊ ၅၁၅ နှင့် ၅၃၀ အသီးသီးဖြင့် ကမ်းလှမ်းလျက်ရှိပါကြောင်း၊ တန်ဇန်းနီးယားနှင့် မိုဇမ်ဘစ်နိုင်ငံတို့က ယခုတစ်ပတ်အတွင်း ဈေးနှုန်းများကို ၁၀-၁၅ ဒေါ်လာတိုးမြှင့်ခဲ့ပါကြောင်း၊ ကနေဒါနှင့်ရုရှားတို့က အိန္ဒိယသို့ စားတော် ပဲကို ဒေါ်လာ ၃၃၀ နှင့် ၃၅၀ အသီးသီးဖြင့် ကမ်းလှမ်းနေပြီး ကနေဒါက အိန္ဒိယသို့ ပဲနီလေး(Red Lentils)ကို ဒေါ်လာ ၅၅၀(အောက်တိုဘာ-နိုဝင်ဘာ)ဖြင့်လည်းကောင်း၊ ဩစတြေးလျသို့ ဒေါ်လာ ၅၄၀(အောက် တိုဘာ-နိုဝင်ဘာ)ဖြင့်လည်းကောင်း ကမ်းလှမ်းလျက်ရှိကြောင်းသိရှိရသည်။ ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ စားတော်ပဲနှင့် ပဲစင်းငုံ တင်သွင်းမှုများကို အကောက်ခွန်လွတ်ခွင့်ပြုပေးထားသည့်အတွက် ဤအရာအားလုံးသည် စိုက်ပျိုးသူများအတွက် အဆင်မပြေသည့်လက္ခဏာများအဖြစ် မြင်တွေ့ရကြောင်း သုံးသပ်ထားရှိသည်ကိုလည်း တွေ့ရှိရသည်။
မိုးရာသီ အဓိကပဲသီးနှံဖြစ်သော ပဲစဉ်းငုံ(tur)သည် အပင်ကြီးထွားမှုနှင့် ပန်းပွင့်သည့်အဆင့်များတွင်ရှိနေဆဲဖြစ်သော်လည်း ပြည်နယ်အချို့တွင် မိုးရေချိန်လွန်ကဲမှုကြောင့် ရေဝပ်သည့်ဒေသများရှိ သီးနှံများထိခိုက်ခဲ့ပါကြောင်း၊ Upadhyay က ၎င်းတို့သည် ပဲစင်းငုံအတွက် စိုးရိမ်နေခြင်းမဟုတ်ဘဲ ပဲတီစိမ်းနှင့် မတ်ပဲတို့မှာ ပျက်စီးမှုပိုများသောကြောင့် စိုးရိမ်နေရပါကြောင်း၊ ပဲတီစိမ်းသီးနှံထွက်ရှိမှုပမာဏသည် ၁၀-၂၀ ရာခိုင်နှုန်းလျော့နည်းနိုင်သော်လည်း အရည်အသွေးအားဖြင့် ၃၀-၄၀ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်ပါကြောင်း၊ အလားတူ မတ်ပဲတွင်လည်း ပမာဏအားဖြင့် ၁၀-၂၀ ရာခိုင်နှုန်း လျော့နည်းနိုင်သော်လည်း အရည်အသွေးအားဖြင့် ၅၀ ရာခိုင်နှုန်းခန့်ဆုံးရှုံးနိုင်သည်ဟု ပြောကြားထားသည်။ ပဲစဉ်းငုံနှင့်ပတ်သက်လျှင် ၎င်းတို့သည် သက်တောင့်သက်သာရှိသောအနေအထားတွင်ရှိနေပါကြောင်း၊ သီးနှံဆုံးရှုံးမှုအနည်းငယ်ရှိသည့်တိုင် ကြီးမားသော အရန်သိုလှောင်မှုများရှိပြီး တင်သွင်းမှုများလည်း ဆက်ရှိနေသေးကြောင်း Upadhyay က ပြောကြားထားသည်။
တတိယကြိုတင်ခန့်မှန်းချက်များအရ ၂၀၂၄ ခုနှစ် မိုးရာသီကာလအတွင်း စုစုပေါင်းပဲထွက်ရှိမှုသည် တန်ချိန် ၇၄.၉၅ သိန်းရှိခဲ့ပြီး ယင်းတွင်ပဲစင်းငုံထွက်ရှိမှုသည် တန်ချိန် ၃၅.၆၁ သိန်း၊ ပဲတီစိမ်းတန်ချိန် ၁၇.၄၇ သိန်းနှင့် မတ်ပဲ တန်ချိန် ၁၃.၀၂ သိန်းပါဝင်ကြောင်း သိရှိရသည်။
IGRain India မှ Rahul Chauhan က ကန်နာတာကာနှင့် မဟာရရှ်ထရာတို့တွင် စိုက်ဧကကျဆင်းခြင်းနှင့်သီးနှံဆုံးရှုံးမှုများကြောင့် ၂၀၂၅ခုနှစ် မိုးရာသီကာလအတွင်း ပဲစင်းငုံထုတ်လုပ်မှုသည် တန်ချိန် ၃၀ သိန်းထက်နည်းမည်ဟု ခန့်မှန်းထားပါကြောင်း၊ ပဲတီစိမ်းထုတ်လုပ်မှုသည် တန်ချိန် ၁၇ သိန်းခန့်ရှိမည်ဟုမျှော်လင့်ရပြီး မဒ္ဒရာပရာဒက်ရှ် ပြည်နယ်တို့တွင် မိုးရေချိန်လွန်ကဲမှုကြောင့် သီးနှံများ ပြင်းထန်စွာထိခိုက်ခဲ့သည့် အတွက် မတ်ပဲထုတ်လုပ်မှုသည် တန်ချိန် ၁၂ သိန်းခန့်သို့ ကျဆင်းသွားမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။
ဩဂုတ်လအတွင်း မိုးရေချိန်လွန်ကဲသော ပြည်နယ်များတွင် ရာဂျစ်စတန်၊ ဥတ္တရာပရာဒက်ရှ်၊ အန်ဒါရာပရာဒက်ရှ်နှင့် ကန်နာတာကာတို့ပါဝင်ပြီး ဈေးကွက်လေ့လာရေးကုမ္ပဏီတစ်ခုဖြစ်သည့် Crisil အရ ရာဂျစ်စတန်၊၊ ဥတ္တရပရာဒက်ရှ်နှင့် အန်ဒါရာပရာဒက်ရှ်တို့တွင် ပဲတီစိမ်းနှင့် မတ်ပဲသီးနှံ၏ ၁၀ ရာခိုင်နှုန်းကျော် ထိခိုက်ပျက်ဆီးခဲ့ကြောင်း၊Bundelkhand ဒေသတွင် ပဲတီစိမ်းနှင့် မတ်ပဲသီးနှံများ ပြင်းထန်စွာပျက်စီးခဲ့ကြောင်း၊ ရာဂျစ်စတန်ပြည်နယ်တွင် ပန်းပွင့်များကြွေကျခြင်းနှင့် ပဲသီးတောင့်များ အောင်မြင်မှုနည်းခြင်းတို့ကြောင့် စိုက်ပျိုးသူများသည် သိသာထင်ရှားသော ဆုံးရှုံးမှုများကို ကြုံတွေ့ရနိုင်ကြောင်း သိရှိရသည်။
ကာနာတကာပြည်နယ်၊ ကာလဘူဂီခရိုင်ရှိ ကာနာတကာပြည်နယ် Red gram သီးနှံစိုက်ပျိုးသူများအသင်း၏ဥက္ကဋ္ဌ ဘာဆာဗာရာဂျ်အင်ဂျင်က မိုးသည်းထန်းမှုကြောင့် ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲစင်းငုံကဲ့သို့သောသီးနှံများ ထိခိုက်မှုရှိကြောင်း၊ စိုက်ပျိုးသူတွေက သီးနှံတွေကို မရိတ်သိမ်းနိုင်ခဲ့ကြကြောင်း၊ အလွန်အကျွံမိုးရွာသွန်းမှုနှင့် ရေဝပ်မှုများကြောင့် ပဲစင်းငုံသီးနှံ များလည်း ပြင်းထန်စွာပျက်စီးခဲ့ကြောင်း၊ ယခုအချိန်ထိမိုးရွာနေဆဲဖြစ်ပြီး ရက်အနည်းငယ်ထပ်မံမိုးရွာနိုင်သည်ဟု မိုးလေဝသခန့်မှန်းချက် ထုတ်ပြန်ထားကြောင်း ပြောကြားခဲ့သည်။
မဟာရရှ်ထရာပြည်နယ်ရှိ စိုက်ပျိုးသူများသည် ပဲစင်းငုံစိုက်ပျိုးခြင်းကို စက်တင်ဘာ ၁၁ ရက်နေ့ အထိ ဟက်တာ ၁၂.၂၃ သိန်းကျော်ပြီးမြောက်ခဲ့ပြီး ယခင်နှစ်က စိုက်ဧရိယာထက် နှစ်ဆကျော်များပြား ပါကြောင်း၊ သို့သော်လည်း ပဲတီစိမ်းစိုက်ဧရိယာမှာ ယခင်နှစ်စိုက်ဧရိယာ၏ ၇၀ ရာ ခိုင်နှုန်းသာရှိခဲ့ ကြောင်း သိရှိရသည်။
မတ်ပဲစိုက်ဧရိယာမှာ ပိုမိုကောင်းမွန်ခဲ့ပြီး ပြည်နယ်၏ မတ်ပဲစိုက်ဧရိယာ ၏ ၉၇ ရာခိုင်နှုန်းဖြစ်သော ဟက်တာ ၃.၇၇ သိန်းဖြင့် ၎င်း၏ပျမ်းမျှစိုက်ဧရိယာကို ကျော်လွန်ခဲ့ကြောင်း၊ ပြည်နယ်၏ စိုက်ပျိုးမှုအားလုံးတွင်၊ ပဲမျိုးစုံစိုက်ပျိုးမှုမှာ ယခုနှစ်ရာသီ၏ ရည်မှန်းချက်ဖြစ်သည့် ၉၇ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။
ယခုနှစ်ရာသီတွင်၊ သြဂုတ်လအလယ်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝပ်မှုများဖြစ်ပေါ်ကာ အထူးသဖြင့် ပဲတီစိမ်းနှင့် မတ်ပဲတို့၏ အမြစ်များကို ပျက်စီးစေခဲ့ပြီး သီးနှံများထိခိုက်မှုရှိခဲ့ကြောင်း၊ သြဂုတ်လ ၁၅ ရက်မှ ၂၀ ရက်အတွင်းက အပျက်အစီးအများဆုံးကာလဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးက ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် မိုးရာသီတွင် ဂူဂျာရတ်ပြည်နယ်၌ ပဲမျိုးစုံစိုက်ဧရိယာ ၁၄.၅ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ၎င်းတို့ထဲမှ အများစုမှာ ပဲစဉ်းငုံစိုက်ဧရိယာတိုးတက်မှုကြောင့်ဖြစ်ကြောင်း၊ ယခုနှစ်တွင် ပဲမျိုးစုံအတွက် ဟက်တာ ၄.၄၁ သိန်းကျော်စိုက်ပျိုးခဲ့ပြီး ယခင်မိုးရာသီစိုက်ဧက ၃.၈၅ သိန်းထက် ၁၄.၅ ရာခိုင်နှုန်းပိုမိုများပြားကြောင်း သိရှိရသည်။
ဂူဂျာရတ်ပြည်နယ်အစိုးရအရာရှိများက ယခုလအတွင်း မြောက်ပိုင်းဂူဂျာရတ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြည်နယ်၏ ကတ်ချ်နှင့် ပတန်ခရိုင်များတွင် စိုက်ပျိုးထားသော ပဲစင်းငုံ၊ ပဲတီစိမ်းနှင့် မတ်ပဲသီးနှံများ အဆိုးရွားဆုံးထိခိုက်မှုရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
တယ်လန်ဂန်နာပြည်နယ်တွင် မိုးရာသီအတွင်း ပဲမျိုးစုံစိုက်ဧရိယာကျဆင်းမှုရှိခဲ့ကြောင်း၊ ပဲမျိုးစုံပုံမှန်စိုက်ဧရိယာ ဟက်တာ ၃.၂၀ သိန်းနှင့်ယှဉ်လျှင် ပြည်နယ်၏စိုက်ဧရိယာမှာ ဟက်တာ ၂.၃၄ သိန်းသာ ရှိခဲ့ကြောင်း၊ ပဲစင်းငုံစိုက်ဧရိယာမှာ ပုံမှန်စိုက်ဧရိယာဟက်တာ ၂.၇၁ သိန်းနှင့်ယှဉ်ပါက ဟက်တာ ၁.၉၉ သိန်းသို့ ကျဆင်းသွားသောကြောင့် အကြီးမားဆုံးထိခိုက်မှုရှိခဲ့ကြောင်း သိရှိရသည်။
ပဲတီစိမ်းစိုက်ဧရိယာမှာ ပုံမှန်စိုက်ဧရိယာ ဟက်တာ ၃၅,၀၀၀ နှင့်ယှဉ်ပါက ဟက်တာ ၂၄,၀၀၀ သို့ ကျဆင်းသွားခဲ့ပြီး မတ်ပဲစိုက်ဧရိယာမှာ ဟက်တာ ၁၃,၃၂၅ မှ ဟက်တာ ၁၀,၁၂၅ သို့ ကျဆင်းသွားခဲ့ကြောင်း သိရှိရသည်။
Source: Kharif Outlook: Pulses Farmers face doubles whimmy, The Hindu Business Line, 13 September, 2025.
(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)