ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ ဆန်တင်သွင်းမှုရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ပြီးနောက် ဗီယက်နမ်နိုင်ငံ၏ ဆန်ကွဲ ၅ ရာခိုင်နှုန်းပါဝင်သည့် ဆန်တင်ပို့မှုမြင့်တက်လာကြောင်း ဖော်ပြထားပါသည်။
ဗီယက်နမ်စားနပ်ရိက္ခာအသင်း(VFA)မှ ဗီယက်နမ်နိုင်ငံစက်မှုနှင် ကုန်သွယ်ရေးဝန်ကြီးဌာနသို့ အစီရင်ခံစာတစ်စောင်တင်ပြထားပြီး ၎င်းအစီရင်ခံစာတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့က လက်မှတ်ရေးထိုးခဲ့သောဆန်ကုန်သွယ်မှုဆိုင်ရာနားလည်မှုစာချွှန်လွှာသည် ၂၀၂၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ထိ အကျိုးသက်ရောက်လျက်ရှိရာ အဆိုပါကိစ္စနှင့်ပတ်သက်၍ ဖိလစ်ပိုင်နိုင်ငံနှင့် ညှိနှိုင်းဆွေးနွေးပေးပါရန် ဝန်ကြီး ဌာနသို့ တောင်းဆိုထားကြောင်း ရေးသားဖော်ပြထားပါသည်။
ဗီယက်နမ်နိုင်ငံစားနပ်ရိက္ခာအသင်းဥက္ကဋ္ဌဖြစ်သူ Mr. Do Ha Nam ၏ အဆိုအရ ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်ဆန်အများဆုံးဝယ်ယူသူဖြစ်ပြီး နှစ်စဉ်ဗီယက်နမ်နိုင်ငံမှ ဆန်တင်ပို့မှုအားလုံး၏ ၄၀ မှ ၄၅ ရာခိုင်နှုန်းခန့်ကို ဝယ်ယူလျက်ရှိကြောင်း၊ သွင်းကုန်ဆိုင်းငံ့ခြင်းသည် တင်ပို့မှုများကို နှောင့်နှေးစေပြီး ဗီယက်နမ်ဆန်ပိုလျှံခြင်းတို့ဖြစ်စေကာ ဆန်တင်ပို့သူများအတွက် ငွေကြေးလည်ပတ်မှုကို ထိခိုက်စေခြင်းဖြင့် ဘဏ္ဍာရေးအခက်အခဲများဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဗီယက်နမ်ကုမ္ပဏီများသည် ဩဂုတ်လအတွင်း ဆန်တင်ပို့ရန် စာချုပ်များချုပ်ဆိုထားပြီးဖြစ်သော်လည်း ဖိလစ်ပိုင်အကေက်ခွန်ရှင်းလင်းရေးတွင် နှောင့်နှေးမှုများကြောင့် တင်ပို့မှုကို ရပ်ဆိုင်းထားရကြောင်း၊ ဖိလစ်ပိုင်နိုင်ငံမှ ဆန်တင်ပို့မှု ၂ လကြာ ရပ်ဆိုင်းလိုက်ခြင်းသည် သိုလှောင်မှုကို ပိုမိုတိုးပွားစေပြီး ဗီယက်နမ်ဆန်တင်ပို့သူများရရှိနိုင်သည့် ဈေးနှုန်းများကျဆင်းစေကာ အမြတ်အစွန်းများ လျော့နည်းလာမည်ဖြစ်ကြောင်း၊ ပြည်ပဝယ်လိုအားဆက်လက်ကျဆင်းနေပါက ပြည်တွင်းဆန်ဈေးနှုန်းလည်းကျဆင်းကာ တောင်သူလယ်သမားများ၏ဝင်ငွေကို ထိခိုက်စေနိုင်ကြောင်း ဖော်ပြထားပါသည်။
ဆန်သိုလှောင်မှုများပြားလာခြင်းနှင့် ပို့ကုန်ဈေးနှုန်းကျဆင်းခြင်းကို ရင်ဆိုင်နေရသော ဗီယက်နမ်စီးပွားရေးလုပ်ငန်းများသည် ပို့ကုန်များပြန်လည်စတင်သည့်အချိန်အထိ အတိုးနည်းသောချေးငွေထောက်ပံ့မှု၊ ချေးငွေသက်တမ်းတိုးမှု စသည့်ဘဏ္ဍာရေးဆိုင်ရာ အကူအညီများ ရှာဖွေလျက်ရှိသကဲ့သို့ သိုလှောင်မှုဆိုင်ရာအဆောက်အဦများလည်း ရှာဖွေလျက်ရှိပါသည်။ ထို့အပြင် ဇူလိုင်လ ၁ ရက်နေ့က စတင်အသက်ဝင်ခဲ့သည့် အခွန်ဥပဒေအသစ်အရ ဆန်တင်ပို့မှုအပေါ် တန်ဖိုးဖြည့်ခွန် ၅ ရာခိုင်နှုန်းပြဋ္ဌာန်းလိုက်ခြင်းကြောင့် ပို့ကုန်လုပ်ငန်းရှင်များအတွက် ထပ်လောင်းဖိအားများဖြစ်ပေါ်စေကာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ဖော်ပြထားပါသည်။
ဖိလစ်ပိုင်နိုင်ငံ ဆန်တင်သွင်းမှုရပ်ဆိုင်းလိုက်ကြောင်း ကြေညာပြီးနောက် ဗီယက်နမ်၏ ဆန်ဈေးသည် ၁ တန်လျှင် ၉ ဒေါ်လာမြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၉၁ ဒေါ်လာအထိမြင့်တက်ခဲ့ပါကြောင်း၊ ၎င်းသည် အာရှတွင် အမြင့်ဆုံးဈေးဖြစ်ပြီး အိန္ဒိယထက် အမေရိကန်ဒေါ်လာ ၁၁ ဒေါ်လာ၊ ပါကစ္စတန်ထက် အမေရိကန်ဒေါ်လာ ၂၂ ဒေါ်လာ၊ ထိုင်းနိုင်ငံထက် အမေရိကန်ဒေါ်လာ ၂၃ ဒေါ်လာမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။
သွင်းကုန်တားမြစ်မှုမစတင်မီ ဖိလစ်ပိုင်မှ သွင်းကုန်လုပ်ငန်းရှင်များ သည် ဩဂုတ်လတွင် ဆန်ပိုမိုဝယ်ယူနိုင်ဖွယ်ရှိပြီး ရေတိုဝယ်လိုအား တိုးလာနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။ သို့ရာတွင် ဗီယက်နမ်၏ နွေ-ဆောင်ဦးစပါးရိတ်သိမ်းချိန်နီးလာသည်နှင့်အမျှ လက်ကျန်ရောင်းလိုအားမှာ အကန့်အသတ်ရှိပြီး ဈေးနှုန်းများပိုမိုမြင့်တက်လာဖွယ်ရှိကြောင်း ဖော်ပြထားပါသည်။
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)