International News

ဗီယက်နမ်နိုင်ငံ၏ ကုန်သွယ်မှုသည် ယခုနှစ် ဩဂုတ်လလယ်တွင် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံကျော်ရောက်ရှိ

Last Updated:

ဗီယက်နမ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ အကောက်ခွန်ဦးစီးဌာန၏ ပဏာမအချက်အလက်များအရ ဗီယက်နမ်နိုင်ငံ၏ ကုန်သွယ်မှုလုပ်ငန်းများသည် ၂၀၂၅ ခုနှစ် ဩဂုတ်လ လဝက်တွင် စုစုပေါင်းပို့ကုန်သွင်းကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၄၀.၃၆ ဘီလီယံကျော်ရှိကြောင်း သိရှိရပါသည်။

ဇူလိုင်လတွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၈၀ ဘီလီယံကျော်ဖြင့် စံချိန်တင်ခဲ့ပြီးနောက် ဩဂုတ်လတွင်လည်း ကုန်သွယ်မှုမှာ အရှိန်အဟုန်ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။ ဩဂုတ်လ ၁၅ ရက်အတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၂၀.၀၆ ဘီလီယံနှင့် သွင်းကုန် အမေရိကန်ဒေါ်လာ ၂၀.၂၉ ဘီလီယံရှိပြီး ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ သန်း ၂၃၀ ခန့်ရှိခဲ့ကြောင်း ဖော်ပြထားပါ သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍသည် ဗီယက်နမ်နိုင်ငံ၏ကုန်သွယ်မှုအခင်းအကျင်းတွင် အဓိကအခန်းကဏ္ဍမှ ဆက်လက်ပါဝင်ခဲ့ပြီး ပို့ကုန် အမေရိကန်ဒေါ်လာ ၁၅.၇၄ ဘီလီယံ(စုစုပေါင်း၏ ၇၈.၇ ရာခိုင်နှုန်း)နှင့် သွင်းကုန် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ(စုစုပေါင်း၏ ၇၄ ရာခိုင်နှုန်းခန့်)ကို ကိုယ်စားပြုကြောင်း သိရှိရပါ သည်။

ပို့ကုန်များအနက် ကုန်စည်အုပ်စုလေးခုသည် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရှိပြီး ၎င်းတို့အနက် ကွန်ပျူတာများ၊ အီလက်ထရောနစ်ထုတ်ကုန်များနှင့် အစိတ်အပိုင်းများမှ အမေရိကန်ဒေါ်လာ ၄.၆ ဘီလီယံနီးပါးရှိကြောင်း၊ ဖုန်းများနှင့်အစိတ်အပိုင်းများမှဝင်ငွေ အမေရိကန်ဒေါ်လာ ၂.၄၈ ဘီလီယံ ရှိကြောင်း၊ စက်ယန္တရားများ၊ ကိရိယာများနှင့်အပိုပစ္စည်းများမှ အမေရိကန်ဒေါ်လာ ၂.၄၄ဘီလီယံရှိကြောင်း၊အထည်အလိပ်နှင့်အထည်ချုပ်လုပ်ငန်းများက အမေရိကန် ဒေါ်လာ ၁.၈၄ ဘီလီယံရှိကြောင်း ရေးသားဖော်ပြထားပါသည်။

အခြားထင်ရှားသော ပို့ကုန်ပစ္စည်းများမှာ ဖိနပ်များတင်ပို့ခြင်းမှ အမေရိကန်ဒေါ်လာ ၉၈၉ သန်း၊ သစ်နှင့် သစ်အချောထည်ပစ္စည်းများတင်ပို့ခြင်းမှ အမေရိကန်ဒေါ်လာ ၇၂၀ သန်း၊ သယ်ယူပို့ဆောင်ရေးနှင့်အပိုပစ္စည်းတင်ပို့ခြင်းမှ အမေရိကန်ဒေါ်လာ ၇၀၀ သန်း၊ ပင်လယ်စာတင်ပို့ခြင်းမှ အမေရိကန်ဒေါ်လာ ၄၈၂ သန်း၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံတင်ပို့ခြင်းမှ အမေရိကန်ဒေါ်လာ ၃၇၉ သန်း၊ သီဟိုဠ်စေ့တင်ပို့ခြင်းမှ အမေရိကန်ဒေါ်လာ ၂၂၆ သန်းနှင့်ကော်ဖီတင်ပို့ခြင်းမှ အမေရိကန်ဒေါ်လာ  ၂၂၅ သန်းတို့ပါဝင်ကြောင်းသိရှိရပါသည်။

သွင်းကုန်တင်ပို့မှုများအနက် အမေရိကန်ဒေါ်လာဘီလီယံနှင့်ချီသောအုပ်စုများတွင် ကွန်ပျူတာနှင့် အီလက်ထရောနစ်ထုတ်ကုန်များမှ အမေရိကန်ဒေါ်လာ ၇.၂၈ ဘီလီယံရှိကြောင်း၊ စက်ယန္တရား၊ စက်ကိရိယာများနှင့် အပိုပစ္စည်းများတင်သွင်းခြင်းမှ အမေရိကန်ဒေါ်လာ ၂.၈၁ ဘီလီယံတို့ပါဝင်ကြောင်း သိရှိရပါသည်။ ဓာတုဆေးများ၊ ပလပ်စတစ်၊ သံနှင့် သံမဏိကဲ့သို့သော ကုန်ကြမ်းများအပြင် ရေနံစိမ်း၊ ဓာတ်ဆီနှင့် ကျောက်မီးသွေးအပါအဝင် လောင်စာဆီထုတ်ကုန်များသည်လည်း သိသာထင်ရှားသော ကုန်သွယ်မှုကို မှတ်တမ်းတင်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံ အကောက်ခွန်ဦးစီးဌာန၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ သြဂုတ်လ ၁၅ ရက်အထိ ဗီယက်နမ်နိုင်ငံ၏ စုစုပေါင်းသွင်းကုန်ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၅၅၅ ဘီလီယံကျော်ရှိကြောင်း သိရှိရပါသည်။

Source:  Viet Nam News

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News