၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံ ကျောက်မျက်နှင့် လက်ဝတ်ရတနာထုတ်ကုန်များ၏ ပို့ကုန်များသည် နိုင်ငံ၏မျှော်မှန်းချက် ၅ ရာခိုင်နှုန်းကို ရရှိနိုင်သည့်လမ်းကြောင်းပေါ်တွင်ရှိနေကြောင်း ထိုင်းကျောက်မျက်နှင့် လက်ဝတ်ရတနာအင်စတီကျုက ပြောကြားချက်အရ သိရှိရပါသည်။
ယခုနှစ် ပထမနှစ်ဝက်အတွင်း ကျောက်မျက်နှင့် လက်ဝတ်ရတနာထုတ်ကုန်ပို့ကုန် သည် အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံသို့ရောက်ရှိခဲ့ပြီး ၈၂.၃ ရာခိုင်နှုန်းတိုးတက်မှုရှိခဲ့ကြောင်း၊ အဓိကပို့ကုန်အမျိုးအစားများမှာ ရွှေလက်ဝတ်ရတနာ၊ ငွေလက်ဝတ်ရတနာနှင့် ကျောက်မျက်ရောင်စုံတို့ကို အဓိကဈေးကွက်များဖြစ်သည့် အိန္ဒိယ၊ ဟောင်ကောင်နှင့် အမေရိကန်တို့သို့တင်ပို့ခဲ့ကြောင်း၊ ပို့ကုန်တိုးတက်မှုသည် ၅ ရာခိုင်နှုန်းဖြင့် အောင်မြင်မှုရရှိနေပါကြောင်း၊ ပထမနှစ်ဝက်တိုးတက်မှုမှာ အမေရိကန်အခွန်ကြောင့် ပစ္စည်းသိုလှောင်သောကြောင့်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏ ပြိုင်ဘက်နှင့် ယှဉ်ပြိုင်နိုင်သော ထိုင်းထုတ်ကုန်များပေါ် အခွန် ၁၉ ရာခိုင်နှုန်းကောက်ခံသော်လည်း အမေရိကန်သုံးစွဲသူများအတွက် ကုန်ကျစရိတ်ကြီးမြင့်စေပါကြောင်း အင်စတီကျုညွှန်ကြားရေးမှူးချုပ် Mr. Sumed Prasongpong-chai က ပြောကြားခဲ့သည်။
ယခင်က ကျောက်မျက်အတွက်အခွန်မရှိသော်လည်း လက်ဝတ်ရတနာအတွက် အခွန် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းပေးဆောင်ရပါကြောင်း၊ အမေရိကန်နှင့် ကမ္ဘာ့ဈေးကွက်ဝယ်လိုအားကို စောင့်ကြည့်နေသော်လည်း ၁ ဒေါ်လာလျှင် ၃၃.၅၀ ဘတ် - ၃၄ ဘတ်မှ ၃၂ ဘတ်သို့ ဘတ်ငွေခိုင်မာနေခြင်းကြောင့် ဘတ်ငွေ ၁ ဘတ်မြင့်တက်လာတိုင်း ဝင်ငွေ ဘတ် ၆ ဘီလီယံမှ ၇ ဘီလီယံကြား ဆုံးရှုံးနေပါကြောင်း၊ အခြားသောစိုးရိမ်ပူပန်မှုမှာ ကျောက်မျက်ကဏ္ဍအတွက် လုပ်သားမျိုးဆက်သစ်များမွေးထုတ်ပေးခြင်းနှင့် ဆွဲဆောင်ပေးခြင်းဖြစ်ကြောင်း၊ အဆိုပါကဏ္ဍသည် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားကဲ့သို့သော အရှေ့တောင်အာရှနှင့် အရှေ့အလယ်ပိုင်းအပါအဝင် ဈေးကွက်သစ်များရှာဖွေရမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
၇၂ ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲသည် ကျောက်မျက်ကဏ္ဍ၏ ကမ္ဘာ့အဆင့် ၄ ရှိသော ပြပွဲတစ်ခုဖြစ်ပါကြောင်း၊ ပြပွဲသည် ထိုင်းနိုင်ငံကို ကျောက်မျက်နှင့် လက်ဝတ်ရတနာကုန်သွယ်မှုအတွက် ကမ္ဘာ့ထိပ်တန်းနေရာသို့ ရောက်စေပါကြောင်း၊ ယခုနှစ်ပြပွဲတွင် ကုမ္ပဏီ ၁,၁၀၄ ခုမှ ပြခန်း ၂,၆၂၈ ခုဖြင့် ပါဝင်ပြသသွားမည်ဖြစ်ပြီး လာရောက်လည်ပတ်သူ ၄၀,၀၀၀ ကျောက်နှင့် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၀ သန်းရရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ ပြပွဲကို စက်တင် ဘာလ ၉ ရက်နေ့မှ ၁၃ ရက်နေ့ အထိ Queen Siritkit National Convention Center တွင် ကျင်းပသွားမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Ms. Sunanta Kangvalkulkij က ပြောကြားခဲ့ပါသည်။
ပို့ကုန်ကဏ္ဍတိုးတက်ရေးဆောင်ရွက်ရာတွင် ပြပွဲများကို အိမ်ရှင်အဖြစ် ကျင်းပ၍ နိုင်ငံတကာ ကုန်သည်များအား ဖိတ်ခေါ်ခြင်းဖြင့် ထွက်ကုန်များနှင့် လုပ်ငန်းရှင်များအတွက် လုပ်ငန်းချိတ်ဆက်မှု(Business Matching)ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ထိုင်းနိုင်ငံ၌ ကျင်းပသော ကုန်စည်ပြပွဲများတွင် နိုင်ငံတကာမှ ပို့ကုန်လုပ်ငန်းရှင်များထက် ထိုင်းနိုင်ငံမှ ပို့ကုန်လုပ်ငန်းရှင်များအတွက် Business Matching ကို ပိုမိုဦးစားပေးဆောင်ရွက်ပေးလျက်ရှိကြောင်း လေ့လာသိရှိရပါ သည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)