အတ္တလန္တိတ်သမုဒ္ဒရာနှင့်ပစိဖိတ်သမုဒ္ဒရာများကို ချိတ်ဆက်သောပေးသော အာတိတ်ရေကြောင်းလမ်းကြောင်းများခေတ်(Era of Arctic Shipping Routes) အတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် တောင်ကိုရီးယားနိုင်ငံသည် ၎င်း၏ပင်လယ်ရေကြောင်းလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသောက်ကုန်များတင်ပို့မှုမြှင့်တင်ရေးကို အမျိုးသားရေးမူဝါဒလုပ်ငန်းများအဖြစ် သတ်မှတ်ဆောင်ရွက်မည်ဟု ၁၆-၉-၂၀၂၅ ရက်နေ့တွင် ကျင်းပခဲ့သည့်အစိုးရအဖွဲ့အစည်းအဝေးတွင် ကြေညာခဲ့ပါသည်။
လက်ရှိသမ္မတ အီဂျေမြောင်အစိုးရအဖွဲ့အုပ်ချုပ်စဉ်ကာလအတွင်း ဆောင်ရွက်သွားမည့်အမျိုးသားရေးမူဝါဒလုပ်ငန်းစဉ် ၁၂၃ ခုတွင် ပင်လယ်ရေကြောင်းလုပ်ငန်းဖွံ့ဖြိုးရေးနှင့် စားသောက်ကုန်များတင်ပို့မှုမြှင့်တင်ရေးလုပ်ငန်းများသည်လည်း အပါ အဝင်ဖြစ်ပါသည်။
အတ္တလန္တိတ်သမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာများကို ချိတ်ဆက်သောပေးသော အနာဂတ်အာတိတ်ရေကြောင်းလမ်းကြောင်းများခေတ်တွင် တောင်ကိုရီးယားနိုင်ငံကို ကမ္ဘာ့ပင်လယ်ရေကြောင်းဆိုင်ရာ အင်အားကြီးနိုင်ငံအဖြစ် တည်ဆောက်နိုင်ရန် နိုင်ငံ၏အဓိကဆိပ်ကမ်းမြို့ဖြစ်သည့် ဘူဆန်မြို့ကို ကမ္ဘာ့မြောက်ဘက်ခြမ်းရေလမ်းကြောင်းများအတွက် ကမ္ဘာ့ဗဟိုချက်ဆိပ်ကမ်းမြို့(A Global Maritime Hub for Northern Routes)အဖြစ် ပြန်လည်တည်ဆောက်မှုများကို ၂၀၂၅ ခုနှစ်ကုန်ပိုင်းတွင်အပြီးသတ်ဆောင်ရွက်ရန် သမုဒ္ဒရာရေးရာနှင့်ငါးလုပ်ငန်းဝန်ကြီးဌာန (Ministry of Oceans and Fisheries)က ဆောင်ရွက်လျက်ရှိပါကြောင်းလည်း ကြေညာခဲ့ပါသည်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် အာတိတ်ဒေသရေခဲများအရည်ပျော်စပြုလာသည့်အတွက် မကြာမီနှစ်များတွင် ကမ္ဘာ့မြောက်ဘက်ခြမ်းရေလမ်းကြောင်းများပွင့်လာနိုင်မည်ဟု သမုဒ္ဒရာရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။
ပင်လယ်ရေကြောင်းလုပ်ငန်းကဏ္ဍအပြင် လယ်ယာစိုက်ပျိုးရေးကဏ္ဍကိုလည်း နိုင်ငံ၏ မဟာဗျူဟာကျသောလုပ်ငန်းကဏ္ဍတစ်ခုအဖြစ်သတ်မှတ်၍ ဖွံ့ဖြိုးတိုးတက်လာစေရေး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှထုတ်လုပ်မည့် စားသောက်ကုန်များတင်ပို့မှုသည် ၂၀၃၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံအထိရရှိရန် ရည်မှန်းထားပါကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်း စားသောက်ကုန်များတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉.၉၈ ဘီလီယံအထိရရှိခဲ့ရာ သမိုင်းတစ်လျှောက်အမြင့်ဆုံးဝင်ငွေပမာဏဖြစ်ခဲ့ပါကြောင်း၊ ကိုရီးယားယဉ်ကျေးမှုကို လူသိများခေတ်စားလာခြင်းက ကိုရီးယားစားသောက်ကုန်များဝယ်လိုအားကို မြင့်မားလာစေခဲ့ကြောင်း စိုက်ပျိုးရေး၊ စားနပ် ရိက္ခာနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။
Source: Korea Times
https://www.koreatimes.co.kr/economy/20250916/korea-designates-enhancing-maritime-industry-food-exports-as-natl-policy-tasks
(ပပ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)