ကမ္ဘောဒီးယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် ၂၀၂၃ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော နားလည်မှုစာချွန်လွှာတွင် ရရှိခဲ့သော အဓိကလုပ်ဆောင်မှု အစီအစဉ်များကို အကောင်အထည်ဖော်ရန် ၈.၆.၂၀၂၆ ရက်နေ့တွင် သဘောတူညီခဲ့ကြပြီး ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ နယ်စပ်ဖြတ်ကျော်ခရီးသွားလာမှုကို မြှင့်တင်ရန်နှင့် နိုင်ငံတကာခရီးသွားများ အတွက် နှစ်နိုင်ငံကို မျှဝေလည်ပတ်ရာနေရာတစ်ခုအဖြစ် မြှင့်တင်ရန်ရည်ရွယ်ထားသည်။ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့က ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ခရီးသွားလုပ်ငန်း ဝန်ကြီး Huot Hak နှင့် ဗီယက်နမ်နိုင်ငံ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလုပ်ငန်းဝန်ကြီး Lam Thi Phoung Thanh တို့နှင့် အကြီးတန်းအရာရှိများအကြား နှစ်ဘက်တွေ့ဆုံမှုအတွင်း အဆိုပါလုပ်ဆောင်မှုအစီအစဉ်များကို ဆက်လက်လုပ်ဆောင်ရန် နှစ်ဖက်စလုံးက သဘော တူညီခဲ့ကြသည်။ အစည်းအဝေးအတွင်း Hak နှင့် Thanh တို့သည် စီးပွားရေးတိုးတက်မှု၊ ပြည်တွင်း ခရီးသွားဖလှယ်မှုနှင့် အိမ်နီးချင်း အာဆီယံနိုင်ငံများအကြား ဒေသတွင်းချိတ်ဆက်မှုကို ပံ့ပိုးရန် ပိုမိုကျယ်ပြန့်သော ကြိုးပမ်းအားထုတ်မှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ခရီးသွား လုပ်ငန်းဆက်ဆံရေးကိုခိုင်မာစေရန် ၎င်းတို့၏ ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့ကြောင်း သိရသည်။
အဓိကလုပ်ဆောင်မှုအစီအစဉ်များကို အကောင်အထည်ဖော်ခြင်းသည် ခရီးသွားလုပ်ငန်း စီးဆင်းမှုကို တိုးမြှင့်ပေးမည်ဖြစ်ပြီး ခရီးသွားလုပ်ငန်းယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးကာ အာဆီယံ၏ ဆွဲဆောင်မှုရှိသော ခရီးသွားလုပ်ငန်းနေရာတစ်ခုဖြစ်လာရန် ရည်မှန်းချက်ကို ပံ့ပိုးပေးမည်ဟုဝန်ကြီးများကမျှော်လင့်ကြောင်းဖော်ပြခဲ့ကြသည်။ အစည်းအဝေးတွင် Hak က နှစ်နိုင်ငံ ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံလုံး၏ ခရီးသွားလုပ်ငန်း အလားအလာများကို အပြည့်အဝဖွင့်လှစ်ပေးမည်ဖြစ်ပြီး ဒေသတွင်း ခရီးသွားလုပ်ငန်း၏ ပြန်လည်ကောင်းမွန်လာမှုနှင့် ရေရှည်တိုးတက်မှုအတွက် အထောက်အကူဖြစ်စေမည်ဟု ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၊ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ ကိန်းဂဏန်းများအရ ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမ(၄) လအတွင်း ဗီယက်နမ်ခရီးသွား ၃၁၂,၀၂၁ ဦး လာရောက်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားလုပ်ငန်းဈေးကွက်စာရင်းတွင် ဒုတိယနေရာတွင် ရပ်တည်ခဲ့ကြောင်း သိရှိရပါသည်။
Source: https://www.doca.gov.mm/