International News

ကမ္ဘောဒီးယားတွင် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍတိုးချဲ့မည့် Metfone

Last Updated:

ဗီယက်နမ်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာစက်မှု-ဆက်သွယ်ရေးအုပ်စု Viettel ၏ လက်အောက်ခံ ကမ္ဘောဒီးယားဆက်သွယ်ရေးကုမ္ပဏီ Metfone သည် ၎င်း၏ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှု အသစ်ဖြစ်သော Metfone Express ကို ဇွန် ၉ ရက်က ဖနွမ်းပင်မြို့၌ တရားဝင် စတင်ဖွင့်လှစ် ခဲ့ကြောင်း သိရပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ ဝန်ထမ်းရေးရာဝန်ကြီး Hun Many၊ စာတိုက်နှင့် ဆက်သွယ်ရေးဝန်ကြီး Chea Vandeth တို့အပြင် ဗီယက်နမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး Nguyen Van Gau နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရပါသည်။ အခမ်းအနားတွင် Metfone ၏ အထွေထွေဒါရိုက်တာ Cao Manh Duc က ကုမ္ပဏီသည် ကမ္ဘောဒီးယားနိုင်ငံတွင် လုပ်ငန်းလည်ပတ်လာခဲ့သည့် နှစ် ၂၀ နီးပါးကာလအတွင်း ဆက်သွယ်ရေးအခြေခံ အဆောက် အအုံများတွင်သာမက လူ့စွမ်းအားအရင်းအမြစ်နှင့် နည်းပညာကဏ္ဍများတွင်ပါ ရင်းနှီးမြှုပ်နှံခဲ့ပြီး နိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက ကမ္ဘောဒီးယားတွင် အီလက်ထရွန်းနစ်ကုန်သွယ်ရေး (E-commerce) နှင့် ဒစ်ဂျစ်တယ်စီးပွားရေး လျင်မြန်စွာတိုးတက်လာမှုကြောင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ရေးကွင်းဆက် (Supply Chain) ဝန်ဆောင်မှုများအပေါ် လိုအပ်ချက် ပိုမိုမြင့်တက်လာကြောင်း၊ ထို့အပြင် ဆက်သွယ်ရေးကွန်ရက်များမှတစ်ဆင့် ဒေတာစီးဆင်းမှုများကို ပံ့ပိုးပေး သကဲ့သို့ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍသည်လည်း ကုန်ပစ္စည်းများချောမွေ့စွာ ရွေ့လျားနိုင်ရေး၊ ထုတ်လုပ်မှုနှင့် စီးပွားရေးလုပ်ငန်းများအပြင် နေ့စဉ်လူမှုဘဝလှုပ်ရှားမှုများအတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ Metfone Express သည် ကမ္ဘောဒီးယားတွင် ပြည့်စုံသော ဒစ်ဂျစ်တယ်ဂေဟစနစ် (Digital Ecosystem) တည်ဆောက်ရန် ကုမ္ပဏီ၏ မဟာဗျူဟာအရ နောက်ထပ်ခြေလှမ်းတစ်ရပ်ဖြစ်ပြီး ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများနှင့် ခေတ်မီထောက်ပံ့ ပို့ဆောင်ရေးဝန်ဆောင်မှုများကို ပေါင်းစပ်ပေးမည်ဖြစ်ကြောင်းနှင့် Metfone သည် ရေရှည်ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ဒစ်ဂျစ်တယ်စီမံခန့်ခွဲမှုနည်းပညာများကို အသုံးပြုကာ ဉာဏ်ရည်မြင့်၊ ပွင့်လင်းမြင်သာပြီး ချိတ်ဆက်ညီညွတ်သည့် ထောက်ပံ့ပို့ဆောင်ရေးစနစ်တစ်ရပ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ကမ္ဘောဒီးယားစာတိုက်နှင့် ဆက်သွယ်ရေး ဝန်ကြီး Chea Vandeth က Metfone သည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်ဖန်တီးရေး၊ နည်းပညာလွှဲပြောင်းရေးနှင့် နှစ်နိုင်ငံချိတ်ဆက်မှု မြှင့်တင်ရေးတို့တွင် အရေးပါသည့် ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့ကြောင်းနှင့် Metfone Express ဖွင့်လှစ်ခြင်းသည် ဗီယက်နမ်ကုမ္ပဏီ၏ ရေရှည်ကတိကဝတ်နှင့် ဆန်းသစ်တီထွင်လိုစိတ်ကို ထင်ဟပ်ပြသနေကြောင်းလည်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Nguyen Van Gau ကလည်း ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍသို့ တိုးချဲ့ဝင်ရောက်ခြင်းသည် စီးပွားရေးအကျိုးအမြတ် အတွက်သာမက ကမ္ဘောဒီးယား၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန် ရေရှည်မျှော်မှန်းချက်ကိုပါ ထင်ဟပ်စေကြောင်း ပြောကြားခဲ့ပါသည်။ ဒေသတွင်း ဒစ်ဂျစ်တယ်စီးပွားရေးနှင့် အီလက်ထရွန်းနစ်ကုန်သွယ်ရေးကဏ္ဍများ အရှိန်အဟုန်ဖြင့် တိုးတက်နေသည့်အချိန်တွင် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍသည် ထောက်ပံ့ရေးကွင်းဆက်ချိတ်ဆက်မှုနှင့် စီးပွားရေးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားတစ်ရပ်အဖြစ် သတ်မှတ်ခံနေရကြောင်း သိရပါသည်။ Viettel ၏ ယခုဝင်ရောက်ရင်းနှီးမြှုပ်နှံမှုသည် စီးပွားရေးချိတ်ဆက်မှုများပိုမိုအားကောင်းလာစေရန်၊ အီလက် ထရွန်းနစ်ကုန်သွယ်ရေးကဏ္ဍကို အထောက်အပံ့ပေးရန်နှင့် ကမ္ဘောဒီးယား၏ ဒစ်ဂျစ်တယ်လူမှု အသိုက်အဝန်း တည်ဆောက်ရေးကို ရေရှည်အကျိုးပြုမည်ဟု မျှော်လင့်ရကြောင်း သိရှိရပါသည်။

Source:   https://www.doca.gov.mm/

Category: International News