Local News

မိုးညှင်းဒေသထွက် ငါးပေါက်ဆံ (ခ) ငါးဘောက်ဆံ

Last Updated:

   ငါးပေါက်ဆံ (ခ) ငါးဘောက်ဆံခေါ် အခွံမာအသီးသည် သစ်ကြားသီးကဲ့သို့ ပုံစံအနည်းငယ် ဆင်တူပြီး ကချင်ပြည်နယ်၊ မိုးညှင်းဒေသမှ ထွက်ရှိသည့် စားစရာတစ်မျိုးဖြစ်သည်။ ငါးဘောက် ဆံပင်သည် အောက်တိုဘာလအစမှ နိုဝင်ဘာလကုန်အထိသာ အသီးသီး၍ ခူးဆွတ်ရပြီး အခွံမာအသီးအတွင်းမှ အစေ့အဆံကို ထုတ်ယူစားသုံးရကာ အစေ့ပုံစံမှာ မြေပဲဆံထက် အရွယ်အနည်းငယ် ပိုကြီးပြီး အရသာမှာဆိမ့်၍ စားကောင်းပါသည်။ ၎င်းငါးဘောက်ဆံကို ကချင်ပြည်နယ်ရှိ ဒေသခံပြည်သူများမှ ငရုတ်သီးဖြင့်ထောင်း၍ ဆီစိမ်ကာ ရက်ကြာကြာထား၍သော်လည်းကောင်း၊ သစ်ကြားသီးကဲ့သို့ပင် အစေ့အဆံကို သူ့ချည်းသက်သက်သော်လည်းကောင်း စားလေ့ရှိကြပါသည်။ ငါးဘောက်ဆံသည် အဆီဓာတ်၊ ပရိုတင်းဓာတ်များသော သဘာဝအခွံမာသီးနှံတစ်မျိုးဖြစ်ပြီး သံဓာတ်၊ ကယ်လ်ဆီယ်ဓာတ်နှင့် မဂ္ဂနီဆီယမ်ဓာတ်များပါဝင်သဖြင့် အရိုးခိုင်မာစေခြင်း၊ အဆီဓာတ် နှင့် Omega - 3 fatty acids အနည်းငယ် ပါဝင်သဖြင့် အသားအရေကို ကောင်းမွန်စေခြင်း၊ နှလုံးသွေးလည်ပတ်မှု ကောင်းမွန်စေခြင်းစသော ခန္ဓာကိုယ်အတွက်များစွာ အထောက်အကူပြုသည့် ဓာတ်များ ပါဝင်သော သဘာဝမှပေးသည့် အားဆေးတစ်လက်ဖြစ်ပါသည်။ ငါးဘောက်ဆံကို အခွံမချွတ်ရသေးသော အသီးတစ်ပြည်လျှင် ၄၀၀၀-၅၀၀၀ ကျပ်၊ အခွံချွတ်ပြီး ငါးဘောက်ဆံစေ့ (အကြီး-ရှယ်) နို့ဆီဘူးတစ်ဘူးလျှင် ၈၀၀၀ ကျပ်၊ အခွံချွတ်ပြီး ငါးဘောက်ဆံစေ့ (အသေး) တစ်ဘူးလျှင် ၆၀၀၀-၇၀၀၀ ကျပ်ဖြင့် ဈေးကွက်တွင်း‌ရောင်းချကာ ရောင်းအားကောင်းမွန်လျက်ရှိကြောင်းသိရသည်။

                                                                              ကချင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News