International News

ကမ္ဘာ့ငွေကြေးအကျပ်အတည်းကာလနောက်ပိုင်း ဟောင်ကောင်၌အလုပ်လက်မဲ့နှုန်း အဆိုးရွားဆုံး ဖြစ်နိုင်ခြင်း

Last Updated:

ကမ္ဘာ့ငွေကြေး အကျပ်အတည်းကာလနောက်ပိုင်း(၁၅)နှစ်တာကာလအတွင်း ဟောင်ကောင်ဒေသ၏ အလုပ်လက်မဲ့နှုန်းမှာ အဆိုးရွားဆုံးဖြစ်ရန် မျှော်လင့်ထားကြောင်း၊ ဟောင်ကောင်ဒေသ၏ အလုပ်လက်မဲ့နှုန်းမှာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ မတ်လ အထိ (၄.၂) ရာခိုင်နှုန်းရှိရာမှ မတ်လမှ ဧပြီလအထိ (၅.၂) ရာခိုင်နှုန်းအထိ ရောက်ရှိ ခဲ့ရာ (၁) လအတွင်း (၁) ရာခိုင်နှုန်း မြင့်တက်ခဲ့ ပြီး အလုပ်လက်မဲ့ဦးရေ (၂၀၂,၅၀၀) ဦးရှိကြောင်း၊ ဟောင်ကောင်ဒေသ၌ ၂၀၁၉ ခုနှစ် နှောင်းပိုင်းတွင် အစိုးရ ဆန့်ကျင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်တွင် COVID-19 ကြောင့် ဒေသ၏စီးပွားရေးမှာ ပြင်းထန်စွာရိုက်ခတ်ခံရသောကြောင့် ၂၀၂၀ ပြည့်နှစ်၊ ပထမလေးလ ပတ်အတွင်း ဟောင်ကောင်ဒေသ၏ စီးပွားရေးမှာ (၈.၉) ရာခိုင်နှုန်းအထိ အဆိုးရွားဆုံး ကျဆင်းခဲ့ကြောင်း၊  COVID-19 ကာလအတွင်း အသွားအလာကန့်သတ်မှုများနှင့် လူအချင်းချင်း ခပ်ခွာခွာနေထိုင်ရန် ထုတ်ပြန်ထားမှုများကြောင့် ခရီးသွားလုပ်ငန်းများနှင့် စားသောက်ဆိုင်လုပ်ငန်းများမှာ အခက်အခဲများဖြင့် ရုန်းကန်လှုပ်ရှားနေ ရကြောင်း၊ စီးပွားရေးလုပ်ငန်းများနှင့် အလုပ်သမားများအား ပံ့ပိုးကူညီ နိုင်ရန် အလုပ်သမားများအား ပံ့ပိုးကူညီသည့်အစီအစဉ် (Employment Support Scheme) ကို စတင်ဆောင်ရွက်ခဲ့ပြီး အလုပ်သမားများ၏လစာ (၅၀) ရာခိုင်နှုန်းဖြစ်သည့် ဟောင်ကောင်ဒေါ်လာ (၉,၀၀၀) ကို (၆) လကြာ ပံ့ပိုးပေးခဲ့ကြောင်း၊ ထို့ပြင် အလုပ်လက်မဲ့ များအား ပံ့ပိုးသည့် အစီအစဉ်ဖြင့် အလုပ်လက်မဲ့ဖြစ်သွားသော အလုပ်သမား များကို တိုက်ရိုက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊  လက်လီအရောင်းဆိုင်လုပ်ငန်းများ၊ စားသောက်ကုန်လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းတို့အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် စီးပွားရေးလုပ်ငန်းများ ပြန်လည် ကောင်းမွန်အောင်‌‌ဆောင်ရွက်နိုင်ရန် အရေးတကြီးလိုအပ်လျက်ရှိကြောင်း၊ ဟောင်ကောင်ဒေါ်လာ (၇၁) ဘီလီယံကို အသုံးပြု၍ ဟောင်ကောင်ဒေသ၌ အမြဲတမ်း နေထိုင်သူများကို ပံ့ပိုးပေးမှုအား တစ်ဦးလျှင် ဟောင်ကောင်ဒေါ်လာ (၁၀,၀၀၀) ကို  ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ တွင် ထုတ်ပေးသွားမည်ဖြစ်ရာ အချို့သောနိုင်ငံများတွင် COVID-19 ထိန်းချုပ်နိုင်ခြင်းမရှိသောကြောင့် ပြည်ပ နိုင်ငံများသို့ သွားလာနိုင်ခြင်း မရှိသေးသောကြောင့် ဒေသတွင်းစားသုံးမှု မြင့်တက်လာနိုင်ကြောင်း၊ ယခု ဖြစ်ပွားလျက်ရှိသည့်  COVID-19 ကြောင့် စီးပွားရေးအပေါ် သက်ရောက်မှုများမှာ လွန်ခဲ့သော (၁၇) နှစ် က ဖြစ်ပွားခဲ့သည့် SARS ရောဂါကြောင့် ရိုက်ခတ်ခံရမှုထက် ပိုမိုကြီးမားနိုင်သည်ဟု ဟောင်ကောင် ဘဏ္ဍာရေးအတွင်းဝန် (ဝန်ကြီး) Mr. Paul Chan Mo-Po ကပြောကြားခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၅ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Phila Siu က “City’s Jobless will be worse than after Financial crisis, Chan warns” ခေါင်းစဉ်ဖြင့်ရေးသား ဖော်ပြ ထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: International News