အရှေ့အလယ်ပိုင်းပဋိပက္ခများကြောင့်ဖြစ်ပေါ်လာသည့် ကမ္ဘာ့ဓာတ်မြေသြဇာရောင်းလိုအားကျဆင်းသွားမှုကြောင့် ၂၀၂၆ ခုနှစ်၏ပထမခြောက်လအတွင်း ဗီယက်နမ်၏ဓာတ်မြေသြဇာတင်ပို့မှု ပမာဏသိသိသာသာမြင့်တက်လာခဲ့ပြီး ပြည်တွင်းထုတ်လုပ်သူများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ခဲ့ပါသည်။
ဗီယက်နမ်အကောက်ခွန်ဆိုင်ရာ ကိန်းဂဏန်းများအရ ဗီယက်နမ်နိုင်ငံသည် အဆိုပါ ၆ လတာ ကာလအတွင်း အမေရိကန်ဒေါ်လာ ၉၃၃ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၁.၇ သန်းတင်ပို့ခဲ့ရာ ပြီးခဲ့သည့်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက တင်ပို့မှုပမာဏအားဖြင့် ၅၂% နှင့်တန်ဖိုးအားဖြင့် ၁၀၇% အထိတိုးတက်လာခဲ့ပါသည်။
ဗီယက်နမ်နိုင်ငံမှ ဓာတ်မြေဩဇာများကို ကမ္ဘောဒီးယားနိုင်ငံသည် တန်ချိန် ၃၃၀,၀၀၀ ကျော် အမေရိကန်ဒေါ်လာ ၁၄၆ သန်းကျော်ဝယ်ယူခဲ့ပြီး အများဆုံးဝယ်ယူသည့်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေပါသည်။ တောင်ကိုရီးယားနိုင်ငံအနေဖြင့် တန်ချိန် ၁၄၉,၀၀၀ နီးပါး အမေရိကန်ဒေါ်လာ ၁၀၄ သန်းခန့်ဝယ်ယူခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံအနေဖြင့် တန်ချိန် ၁၁၈,၀၀၀ အမေရိကန်ဒေါ်လာ ၆၄ သန်း နှင့် မလေးရှားနိုင်ငံအနေဖြင့် တန်ချိန် ၈၈,၀၀၀၊ အမေရိကန် ဒေါ်လာ ၄၉ သန်းဖိုး အသီးသီးဝယ်ယူခဲ့ကြပါသည်။
ကမ္ဘာ့ဓာတ်မြေဩဇာရောင်းလိုအားကျဆင်းသွားခြင်းက ဗီယက်နမ်နိုင်ငံအတွက် ယခုကဲ့သို့ဓာတ်မြေဩဇာပိုမိုတိုးတက်တင်ပို့နိုင်ခြင်း၏ အဓိကအကြောင်းအရင်းဖြစ်ပါကြောင်းသိရှိရပါသည်။ အရှေ့အလယ်ပိုင်းဒေသ၏ ပထဝီဝင်နိုင်ငံရေးတင်းမာမှုများကြောင့် ဟောမုဇ်ရေလက်ကြား(Strait of Hormuz)ကိုဖြတ်သန်းသွားလာသည့် သင်္ဘောလိုင်းများအနေဖြင့် အခက်အခဲများကြုံတွေ့ခဲ့ရပြီး ပင်လယ် ကွေ့ဒေသရှိဓာတ်မြေသြဇာထုတ်လုပ်သူများက ၎င်းတို့၏လုပ်ငန်းများမှ ထုတ်လုပ် မှုအရေအတွက်ကို လျှော့ချခဲ့ကြရပါသည်။ တစ်ချိန်တည်းမှာပင် ရုရှားနှင့် တရုတ်နိုင်ငံတို့မှ ထုတ်ပြန်ထားသည့် ပို့ကုန်ကန့်သတ်ချက်များကြောင့် နိုင်ငံတကာဈေးကွက်အတွင်း ရောင်းလိုအား ပိုမိုလျော့နည်းသွားခဲ့ပါသည်။
ကမ္ဘာ့ဓာတ်မြေဩဇာရောင်းလိုအားကျဆင်းမှုနှင့် ပြည်ပဝယ်လိုအားမြင့်တက်လာမှု နောက်ခံအခြေအနေများကြောင့် ဗီယက်နမ်ထုတ်လုပ်သူများက အခြေအနေကောင်းပေးသည့် ဈေးကွက်အခွင့်သာမှုများကိုရယူကာ ပြည်ပသို့တိုးမြှင့်တင်ပို့ခဲ့ကြပါသည်။
အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခများပြင်းထန်လာခြင်းသည် ပြည်တွင်း၌ ဓာတ်မြေသြဇာသုံးစွဲမှုနည်းပါးသည့် ကာလနှင့်တိုက်ဆိုင်နေပြီး Petrovietnam Ca Mau Fertiliser JSC(PVCFC)ကုမ္ပဏီအနေဖြင့် ထုတ်လုပ်မှုနှင့်ငွေကြေးစီးဆင်းမှုကို တိုးပွားစေရန်အတွက် ယူရီးယား(Urea)နှင့် NPK ဓာတ်မြေသြဇာတင်ပို့မှုများကို တိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ခိုင်မာသည့် ပြည်ပပို့ကုန်ဈေးကွက်ကြောင့် အဆိုပါလုပ်ငန်း၏ ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်ချက်များလည်းမြင့်တက်လာခဲ့ပြီး PVCFC ကုမ္ပဏီသည် ကုန်ပစ္စည်းတန်ချိန် ၉၀၀,၀၀၀ ကျော်ရောင်းချခဲ့ရပြီးနောက် ပထမခြောက်လအတွင်း ဝင်ငွေဗီယက်နမ်ဒေါင်း ၁၁.၈ ထရီလီယံကျော်(အမေရိကန်ဒေါ်လာ ၄၄၉ သန်းခန့်)ရရှိခဲ့ကာ တစ်နှစ်စာလျာထားချက်၏ ၅၉% ကျော် အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။
တစ်ချိန်တည်းမှာပင် Phu My ဓာတ်မြေသြဇာထုတ်လုပ်သည့် Petrovietnam Fertiliser and Chemicals Corporation(PVFCCo)ကုမ္ပဏီက ပထမခြောက်လအတွင်း ဓာတ်မြေသြဇာနှင့် ဓာတုဗေဒပစ္စည်း တန်ချိန် ၅၅၁,၅၀၀ ခန့်ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ စုစုပေါင်းရောင်းအားမှာ ဓာတ်မြေသြဇာတန်ချိန် ၉၀၆,၀၀၀ ကျော်အပါ အဝင် စုစုပေါင်းတန်ချိန် ၉၇၂,၃၀၀ နီးပါးရှိခဲ့သဖြင့် ခြောက်လတာလျာထားချက်ထက် ၃၂% ကျော်လွန်ခဲ့ကြောင်းသိရှိရပါသည်။ Phu My NPK ဓာတ်မြေသြဇာသည် ရောင်းအားတန်ချိန် ၁၄၄,၂၀၀ နှင့်ဝင်ငွေ ဗီယက်နမ်ဒေါင်း ၁.၈ ထရီလီယံကျော်ရရှိခဲ့သဖြင့် ထူးထူးခြားခြားအောင်မြင်မှုရရှိခဲ့သည့် ထုတ်ကုန်တစ်ခုဖြစ်ပါ သည်။
ဗီယက်နမ်တောင်ပိုင်းတွင် ပြည်တွင်းဓာတ်မြေသြဇာဈေးနှုန်းများမှာ ယူရီးယား၊ DAP နှင့် NPK ထုတ်ကုန်များ၏ ဈေးနှုန်းများဆက်လက်မြင့်တက်နေသော်လည်း မြောက်ပိုင်းတွင်မူ ဈေးနှုန်းများမှာ အများအားဖြင့် တည်ငြိမ်လျက်ရှိပါသည်။ ကမ္ဘာ့ဈေးကွက်၌ စိုက်ပျိုးရေးဆိုင်ရာ သတင်းအချက်အလက်ပံ့ပိုးသည့် DTN ၏အစီရင် ခံစာအရ ဇွန်လအတွင်း အမေရိကန်လက်လီဓာတ်မြေသြဇာဈေးနှုန်းများသည် ယခင်လနှင့်နှိုင်းယှဉ်ပါက ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။ သို့ရာတွင် ပြီးခဲ့သည့်နှစ် အလားတူကာလထက် ၄ % မှ ၄၁ % အထိမြင့်မားနေဆဲဖြစ်ရာ ကမ္ဘာ့ဓာတ်မြေသြဇာဈေးနှုန်းများမှာ ဈေးနှုန်းမြင့်မားသည့်အခြေအနေတွင်ပင် ဆက်လက်ရှိနေသေးကြောင်း ညွှန်ပြနေပါသည်။
Source : https://vietnamnet.vn/en/vietnam-fertiliser-exports-jump-as-global-supply tightens-2538025.html
(သန္တာစိုးရီ၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)