Local News

ကရင်ပြည်နယ်ပြောင်းလုပ်ငန်းအသင်းဖွဲ့စည်း

Last Updated:

ကရင်ပြည်နယ်၊ ဘားအံမြို့၌ ကရင်ပြည်နယ်ပြောင်းလုပ်ငန်းအသင်း ဖွဲ့စည်းခြင်း အခမ်းအနားကို (၁၃-၇-၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းနှင့် ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

အသင်းဖွဲ့စည်းခြင်း အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့် ဦးဆောင်၍ ကရင် ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ စားသုံးသူရေး ရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဇွဲကပင်ကုန်သွယ်မှုဗဟိုဌာန တာဝန်ခံ၊ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း၊ အတွင်းရေးမှူး၊ ကရင်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌတို့က အသင်းဖွဲ့စည်းရေး ကြီးကြပ်သူများအဖြစ် ဆောင်ရွက်ခဲ့ကြပါသည်။ တက်ရောက်လာကြသည့် ကရင်ပြည်နယ်အတွင်းရှိ ပြောင်းလုပ်ငန်းရှင်များက မိမိတို့ဆန္ဒအလျောက် လွတ်လပ်စွာဆန္ဒမဲပေး၍ ကရင်ပြည်နယ်ပြောင်းလုပ်ငန်းအသင်း ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ (၁) ၊ ဒုတိယ ဥက္ကဋ္ဌ(၂) ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအပါအဝင် (၁၉) ဦးကိုလည်း ရွေးချယ်ဖွဲ့စည်းထားပြီး ဖြစ်ပါသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ပြောင်းတင်ပို့မှုမှာ ပင်လယ်ရေကြောင်း (Overseas) မှ (၇၅၅၅၁၃.၈၅၄) မက်ထရစ်တန်နှင့် နယ်စပ်စခန်းများ (Border) မှ (၇၆၆၄၃၁.၉၀) မက်ထရစ်တန်၊ စုစုပေါင်း (၁၅၂၁၉၄၅.၇၅၄) မက်ထရစ်တန် တင်ပို့ခဲ့ပါသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပြောင်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း တန်ချိန် ၁.၅ သန်းတင်ပို့ရန် မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ လျာထားပါသည်။ လွန်ခဲ့သော ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်က မြန်မာနိုင်ငံမှ ထွက်ရှိသောပြောင်းအား ကမ္ဘာ့ဈေးကွက်သို့ တန်ချိန် ၂.၃ သန်းတင်ပို့ခဲ့ပြီး အဓိကအားဖြင့် ထိုင်းနိုင်ငံသို့ ၁.၇ သန်းဖြင့် အများဆုံးတင်ပို့၍ ကျန်ရှိသည့်ပြောင်းများအား တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများသို့ တင်ပို့ခဲ့ပါသည်။ ထိုင်းနိုင်ငံသို့ တင်ပို့မည့်ပြောင်းများနှင့် စပ်လျဉ်း၍ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အတွင်း မဲဆောက်မြို့မှ Form-D ဖြင့် တင်ပို့ပါက အခွန်ကင်းလွတ်ခွင့် ပေးထားပါသည်။ သို့ရာတွင် ထိုင်းနိုင်ငံရှိ ပြောင်းစိုက်ပျိုးထုတ်လုပ်သူများအား ကာကွယ်သည့်အနေဖြင့် ပြောင်းစိုက်ရာသီအတွင်း တင်ပို့မည်ဆိုပါက အခွန်ကို ၇၃% ဖြင့် ကောက်ခံမည်ဖြစ်ကြောင်း သိရပါသည်။

Source - ဇွဲကပင်ကုန်သွယ်မှုဗဟိုဌာန၊ Customs၊ BETV Business dated on 21 March 2022

ခင်စန္ဒာ (MYANTRADE)

 

 

Category: Local News