International News

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ဘယ်လ်ဂျီယံကုမ္ပဏီများက အလုပ်သမား (၂) သိန်း နီးပါးအား ထုတ်ပယ်နိုင်ဖွယ်ရှိခြင်း

Last Updated:

ဘယ်လ်ဂျီယံနိုင်ငံ၊ အစိုးရပိုင်းမှ ကျွမ်းကျင်သူအဖွဲ့ Economic Risk Management Group (ERMG) မှ ကောက်ယူခဲ့သည့် စစ်တမ်းအရ ဘယ်လ်ဂျီယံကုမ္ပဏီများ အနေဖြင့် အလုပ်သမားများအား ထုတ်ပယ်သွားရန် အစီအစဉ်ရှိနေကြောင်း၊ ယင်းစစ်တမ်းအရ လုပ်သားအရေအတွက် (၂) သိန်းနီးပါးသည် အလုပ်အကိုင်ဆုံးရှုံးနိုင်ဖွယ် ရှိနေကြောင်း၊ ERMG အနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အသွားအလာကန့်သတ်မှုများ၏ စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုအပါအဝင် ကုမ္ပဏီ စုစုပေါင်း (၂၆၇၅) ခုအား စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါစစ်တမ်းကို ဧပြီလ (၅) ရက်နေ့တွင် ကောက်ယူခဲ့ခြင်းဖြစ်ပြီး၊ ယာယီအလုပ်လက်မဲ့ အစီအစဉ်ရယူခဲ့သည့် ကုမ္ပဏီများကို ကောက်ယူခဲ့မှုအရ ကုမ္ပဏီ (၅) ခုလျှင် (၁) ခုမှာ အဆိုပါအစီအစဉ် အဆုံးသတ်ချိန်တွင် ဝန်ထမ်းလျှော့ချနိုင်ဖွယ်ရှိနေသည်ဟု ဖြေကြားခဲ့ကြောင်း၊ ဘယ်လ်ဂျီယံနိုင်ငံ၊ အမျိုးသားအလုပ်အကိုင်ရုံး၏ ခန့်မှန်း ချက်အရ လက်ရှိတွင် အလုပ်သမားဦးရေ (၉၀၀၀၀) ခန့် အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး၊ ကာလတိုအတွင်း အလုပ်သမားဦးရေ (၁၈၀၀၀၀) ခန့်သည် အလုပ်အကိုင်ဆုံးရှုံး နိုင်ဖွယ်ရှိသည်ဟု ERMG ကပြောကြားခဲ့ကြောင်း၊ ယင်းပမာဏမှာ ပုဂ္ဂလိကကဏ္ဍရှိ အလုပ်သမားအရေအတွက် စုစုပေါင်း၏ (၆) ရာခိုင်နှုန်းနီးပါးရှိသည်ဟု ERMG က ရေးသား ဖော်ပြခဲ့ကြောင်းသိရှိရပါသည်။

စစ်တမ်း၏ ရလာဒ်များအရ ကုမ္ပဏီများအနေဖြင့် နှေးကွေးစွာဖြင့် ပြန်လည်ထူထောင်လျက်ရှိနေကြပြီး၊ ကပ်ရောဂါ၏ ရိုက်ခတ်မှုမတိုင်မီ ကာလနှင့်နှိုင်းယှဉ်ပါက ဝင်ငွေ (၂၉) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ လုပ်ငန်းကဏ္ဍကွဲပြားမှုအပေါ်မူတည်၍ စီးပွားရေးလုပ်ငန်း ပြန်လည်ကောင်းမွန်လာမှု အပိုင်းတွင်လည်း ခြားနားမှုရှိသည်ကို တွေ့ ရကြောင်း၊ ကုန်သွယ်မှုနှင့် ဆောက်လုပ်ရေးလုပ်ငန်းများသည် ပြန်လည်နိုးထမှုအားကောင်းနေသော်လည်း အိမ်ခြံမြေလုပ်ငန်း၊ အိုင်တီနှင့် ဆက်သွယ်ရေး ကဲ့သို့သော ကဏ္ဍများရှိ လုပ်ငန်းများမှာ ရပ်တန့်နေကြောင်း၊ စားသောက်ဆိုင်များနှင့် အစားအသောက်လုပ်ငန်းများ ပိတ်သိမ်းထားရခြင်းကြောင့် ကုန်စည်ကွင်းဆက်တွင် အဟန့် အတားဖြစ်ပေါ်ခဲ့ရသဖြင့် စိုက်ပျိုးရေးလုပ်ငန်းကဏ္ဍတွင်လည်း အကျပ်အတည်း၏ ရိုက်ခတ်မှုရှိခဲ့ကြောင်း၊ ဘယ်လ်ဂျီယံနိုင်ငံ၊ ဖလန်းဒါးရှိ ဝက်မွေးမြူသည့် လယ်သမား များအနေဖြင့်လည်း ၎င်းတို့၏ ဝက်များအားသားသတ်ရုံသို့ ပေးပို့နိုင်ခြင်းမရှိသောကြောင့် မွေးမြူသည့်ဝက်များထားရန် နေရာအခက်အခဲဖြစ်ပေါ်လျက်ရှိသဖြင့် အစိုးရထံသို့ အကူအညီတောင်းခံချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

စစ်တမ်းကောက်ယူခဲ့သည့် ကုမ္ပဏီများအားလုံး၏ (၇) ရာခိုင်နှုန်းဝန်းကျင်က ၎င်းတို့ အနေဖြင့် ဒေဝါလီခံရနိုင်ချေ ရှိနေသည်ဟု ဖော်ပြကြ ကြောင်း၊ အနုပညာ လုပ်ငန်းနှင့် ဖျော်ဖြေရေးလုပ်ငန်းများအတွက် ဒေဝါလီခံရနိုင်ချေရှိမှုသည် (၂၈) ရာခိုင်နှုန်းသို့ မြင့်တက်လာကြောင်း၊ စားသောက်ဆိုင်နှင့် ဧည့်ဝန်ဆောင်မှု လုပ်ငန်း ကဏ္ဍများရှိ ကုမ္ပဏီများ၏ (၁၉) ရာခိုင်နှုန်းမှာ အကျပ်အတည်း၏ သက်ရောက်မှုအဖြစ် ဒေဝါလီခံရမည်ကို စိုးရိမ်မှုရှိကြကြောင်း၊ လက်ရှိအချိန်တွင် အသွားအလာ ကန့်သတ်ချက်များ တစ်ဆင့်ချင်းဖြေလျှော့နေမှု၏ သက်ရောက်မှုကိုသိရှိရန် စောလွန်းနေသေးသည်ဟု ERMG က ယင်း၏ အစီရင်ခံစာတွင် ပြောကြားထားကြောင်း၊ စီးပွားရေးပြန်လည် စတင်မှုကိုတစ်ဆင့်ချင်း ဆောင်ရွက်နေသော်လည်း ပြန်လည်နိုးထရန်မှာ အချိန်ယူရနိုင်ကြောင်း၊ စစ်တမ်းအရ ကုမ္ပဏီများ၏ (၆၀) ရာခိုင်နှုန်း အတွက် စီးပွားရေးပြန်လည်နိုးထနိုင်ရေး အဓိကအတားအဆီးမှာ ဝယ်လိုအားအလုံအလောက်မရှိခြင်းဖြစ်သည်ဟု ERMG ၏  အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

ရင်းမြစ် - (ဘရပ်ဆဲလ်တိုင်းမ်)

Category: International News