ရုရှားနိုင်ငံ၏ဘရာဇီးနိုင်ငံမှ ကော်ဖီတင်သွင်းမှုသည် ယခုနှစ် ပထမနှစ်ဝက်အတွင်း သိသိသာသာလျော့ကျခဲ့ကြောင်း RIA Novosti သတင်းဌာနက ဘရာဇီးနိုင်ငံ၏ တရားဝင်စာရင်းအင်းအချက်အလက်များကို လေ့လာပြီးဖော်ပြခဲ့သည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ဘရာဇီးနိုင်ငံမှ ရုရှားနိုင်ငံသို့တင်ပို့ခဲ့သော ကော်ဖီတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၇၁.၆ သန်းရှိခဲ့ပြီး၊ ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၅% လျော့ကျခဲ့သည်။ ယင်းပမာဏသည် ၂၀၂၄ ခုနှစ်နောက်ပိုင်း နှစ်နှစ်အတွင်း အနိမ့်ဆုံးအဆင့်ဖြစ်လာခဲ့သည်။
တင်သွင်းခဲ့သော ကော်ဖီများတွင် အဓိကအားဖြင့် ကဖိန်းဓာတ်ပါဝင်သော မလှော်ရသေးသည့် ကော်ဖီစေ့များ(Unroasted coffee beans)ပါဝင်ကြောင်းသိရသည်။ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ဘရာဇီးမှ ရုရှားသို့ ကော်ဖီတင်ပို့မှုကျဆင်းလာမှုကြောင့် ရုရှားနိုင်ငံသည် ဘရာဇီးကော်ဖီဝယ်ယူသည့် အဓိကနိုင်ငံများအနက် အဆင့် ၉ နေရာမှ အဆင့် ၁၀ နေရာသို့ ကျဆင်းသွားခဲ့သည်။
ဇွန်လတစ်လအတွင်း ရုရှားနိုင်ငံသည် ဘရာဇီးမှ ကော်ဖီကို အမေရိကန်ဒေါ်လာ ၂၄.၅ သန်းဖိုးဝယ်ယူခဲ့ပြီး၊ မေလနှင့်နှိုင်းယှဉ်ပါက ၁၀% လျော့ကျခဲ့သလို ယခင်နှစ်ဇွန်လနှင့်နှိုင်းယှဉ်ပါကလည်း ၄% လျော့နည်းခဲ့သည်။
၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ဘရာဇီးကော်ဖီ၏ အဓိကဝယ်ယူသူနိုင်ငံများတွင် ဂျာမနီနိုင်ငံက အမေရိကန်ဒေါ်လာ ၈၄၃.၄ သန်းဖြင့် ပထမနေရာတွင် ရပ်တည်ခဲ့ပြီး၊ အမေရိကန်နိုင်ငံက ၇၆၆.၂ သန်းဖြင့် ဒုတိယ၊ အီတလီနိုင်ငံက ၆၄၂ သန်းဖြင့် တတိယ၊ ဘယ်လ်ဂျီယံနိုင်ငံက ၄၀၂.၄ သန်းဖြင့် စတုတ္ထနှင့် ဂျပန်နိုင်ငံက ၃၃၈.၇ သန်းဖြင့် ပဉ္စမနေရာတွင် ရပ်တည်ခဲ့သည်။
ရုရှားနိုင်ငံ၏ ဘရာဇီးကော်ဖီတင်သွင်းမှုလျော့ကျလာခြင်းသည် ကော်ဖီဈေးနှုန်းအပြောင်းအလဲများ၊ နိုင်ငံတကာထောက်ပံ့ရေးကွင်းဆက်အခြေအနေများနှင့် ကော်ဖီရင်းမြစ်နိုင်ငံများကို ပိုမိုကွဲပြားစေရန် ရုရှားဈေးကွက်၏ ကြိုးပမ်းမှုများနှင့် ဆက်စပ်နေကြောင်း သုံးသပ်နိုင်ပါသည်။
Source : https://www.alta.ru/
(အောင်ဖြိုးထွဋ်၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)