International News

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီးယူ-တရုတ် ထိပ်သီးဆွေးနွေးပွဲအား ရွှေ့ဆိုင်းကျင်းပမည်

Last Updated:

စက်တင်ဘာလအတွင်း ဂျာမနီနိုင်ငံတွင်ကျင်းပရန်စီစဉ်ထားသည့် အီးယူနှင့်တရုတ်နိုင်ငံတို့ အကြား ထိပ်သီးဆွေးနွေးပွဲ (Summit) တစ်ရပ်ကို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းကျင်းပသွားရန် နှစ်ဘက်သဘောတူညီခဲ့ကြကြောင်း ဂျာမနီနိုင်ငံအစိုးရက ကြေညာခဲ့ပါသည်။ အီးယူနှင့် ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးဖြစ်သည့် တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးပိုမို နက်ရှိုင်းစေရေးရည်ရွယ်သည့် အဆိုပါထိပ်သီးဆွေးနွေးပွဲကို ဂျာမနီနိုင်ငံ၊ Leipzig မြို့၌ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားခဲ့ပြီး၊ ယင်းအစည်းအဝေးသည် ဂျာမနီနိုင်ငံက အီးယူကောင်စီအလှည့်ကျဥက္ကဌအဖြစ် ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ (၆) လကြာ တာဝန်ယူမည့် ကာလနှင့်တိုက်ဆိုင်၍ အဓိကအခမ်းအနားတစ်ရပ်အဖြစ်ကျင်းပရန် စီစဉ်ထားခြင်းဖြစ်ကြောင်း၊ အီးယူနှင့် တရုတ်နိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူညီချက် (Investment Protection Agreement) လက်မှတ်ရေးထိုးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သော်လည်း ယင်း သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေး တိုးတက်မှုမှာ နှေးကွေးနေဆဲဖြစ်ကြောင်း သိရှိရပါသည်။

ဆွေးနွေးပွဲကျင်းပမည့် နေ့ရက်သတ်မှတ်နိုင်ရေးအတွက် အီးယူ၊ ဂျာမနီနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ညှိနှိုင်းသွားမည်ဖြစ်သည်ဟု ဂျာမနီနိုင်ငံဝန်ကြီးချုပ် အိန်ဂျလာမာကယ်လ်၏ ပြောရေးဆိုခွင့်ရှိသူ Steffen Seibert က ပြောကြားခဲ့ကြောင်း၊ သို့ရာတွင် ယင်းထိပ်သီးဆွေးနွေးပွဲကို ယခုနှစ်အတွင်း ကျင်းပသွားရန် ရှိ/မရှိနှင့်စပ်လျဉ်း၍မူ ဖော်ပြထားခြင်းမရှိကြောင်း၊ ဥရောပကောင်စီ ဥက္ကဌ Charles Michel၊ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နှင့် ဂျာမနီနိုင်ငံဝန်ကြီးချုပ်တို့အကြား တယ်လီဖုန်းနှင့်ဆက်သွယ်ခဲ့ပြီး နောက်တွင် ထိပ်သီးဆွေနွေးပွဲရွှေ့ဆိုင်းကျင်းပရန် ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ခြင်းဖြစ်ကြောင်း Steffen Seibert က ဆက်လက် ပြောကြားခဲ့ပါသည်။ လာမည့်လများအတွင်း တရုတ်နိုင်ငံနှင့်ပတ်သက်သည့် အီးယူမဟာဗျူဟာကို ရေးဆွဲသွားလိုသည်ဟု ဂျာမနီနိုင်ငံ ခြားရေးဝန်ကြီး Heiko Maas က ပြီးခဲ့သည့်သီတင်းပတ်က ပြောကြားခဲ့ကြောင်း Politico ၏ ၃-၆-၂၀၂၀ နေ့တွင် သတင်းဖော်ပြချက်အရ သိရှိရပါသည်။

 

ရင်းမြစ် - (Politico)

( မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

Category: International News