International News

မြန်မာနိုင်ငံသို့ပေးအပ်ထားသော GSP အခွင့်အရေးများကို ချက်ချင်းရပ်ဆိုင်းရန် La Unión က တောင်းဆို

Last Updated:

စပိန်နိုင်ငံ၊ Extremadura ဒေသရှိ လယ်သမားအဖွဲ့အစည်း La Unión Extremadura သည် မြန်မာနိုင်ငံအား ပေးအပ်ထားသည့် GSP အခွင့်အရေးများကို ချက်ချင်းရပ်ဆိုင်းရန် ဥရောပသမဂ္ဂ(EU)သို့ တောင်းဆိုလိုက်ကြောင်း Europa Press သတင်းဌာန၏ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့သတင်းတွင်ဖော်ပြထားပါသည်။

La Unión ၏အဆိုအရ မြန်မာနိုင်ငံသည် ဥရောပသမဂ္ဂ၏ Generalised Scheme of Preferences(GSP)အောက်ရှိ Everything But Arms(EBA)အစီအစဉ်၏ အကျိုးခံစားခွင့်ရှိသည့်နိုင်ငံဖြစ်သော်လည်း ထိုအခွင့်အရေးပေးအပ်ထားမှု၏ မူလရည်ရွယ်ချက်များကို မြန်မာနိုင်ငံမှ ပြည့်မီခဲ့ခြင်းမရှိသည့်အပြင် ထိုသို့ EU မှ GSP/EBA ပေးအပ်ထားမှုကြောင့် ဥရောပရှိ ဆန်စိုက်တောင်သူများအတွက် ဆန်ဈေးနှုန်းများအကြီးအကျယ်ကျဆင်းစေခဲ့ကြောင်း ဖော်ပြထားပါသည်။

La Unión ၏တင်ပြချက်တွင် ၂၀၂၄ ခုနှစ်(နောက်ဆုံးစာရင်းရရှိသည့်နှစ်)တွင် EU သည် မြန်မာနိုင်ငံမှ ဆန်ဖြူ(White Rice) ၆၉၀,၀၀၀ တန်ကို တင်သွင်းခဲ့ကြောင်းနှင့်အဆိုပါပမာဏသည် စပိန်နိုင်ငံတစ်နိုင်ငံလုံးတွင် တစ်နှစ်အတွင်းထုတ်လုပ်သော ဆန်ပမာဏနှင့် အနီးစပ်ဆုံးတူညီသည်ဟု ဖော်ပြထားပါသည်။

မြန်မာနိုင်ငံတွင် ထုတ်လုပ်မှုကုန်ကျစရိတ်နည်းပါးသဖြင့် မြန်မာဆန်များသည် EU တွင် ဆန်ထုတ်လုပ်မှုကုန်ကျစရိတ်၏ ၅၀ ရာခိုင်နှုန်းအောက်ဈေးနှုန်းဖြင့် EU ဈေးကွက်ထဲသို့ ဝင်ရောက်လျက်ရှိရာ ဥရောပတွင်စိုက်ပျိုးသည့် ဆန်၏ဈေးနှုန်းများကျဆင်းလာခြင်း၊ ဥရောပဆန်စိုက်တောင်သူများ၏ ဝင်ငွေအလွန်ကျဆင်းလာခြင်းနှင့် ဆန်စိုက်ပျိုးခြင်းမှာ အမြတ်အစွန်းမရှိသလောက်နည်းပါးလာသဖြင့် စိုက်ဧရိယာများဆက်လက်လျော့နည်းလာခြင်းများဖြစ်ပေါ်လာကြောင်း La Unión က တင်ပြခဲ့ပါသည်။

La Unión ၏တင်ပြချက်တွင် EU သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပြည်သူများဝင်ငွေတိုးတက်လာစေရန်ရည်ရွယ်၍ EBA အစီအစဉ်ကိုပေးအပ်ခဲ့ခြင်းဖြစ်ပြီး အပြန် အလှန်အနေဖြင့် အဆိုပါနိုင်ငံများသည် လူ့အခွင့်အရေးကို လေးစားလိုက်နာရန်ကတိပြုထားခြင်းဖြစ်သော်လည်း မြန်မာနိုင်ငံအနေဖြင့် အဆိုပါလိုက်နာရမည့် တာဝန်ကို လိုက်နာခြင်းမရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

အဆိုပါက်ိစ္စရပ်နှင့်စပ်လျဉ်း၍ ဥရောပပါလီမန်အမတ်(၂)ဦးတို့က ဥရောပကော်မရှင်သို့ တင်ပြခဲ့သော်လည်း ဥရောပကော်မရှင်ဘက်မှ မြန်မာနိုင်ငံအတွက် EBA အခွန်သက်သာခွင့်ကို ဆက်လက်ထားရှိသင့်ကြောင်း ပြောဆိုခဲ့သည်ဟု ဖော်ပြထားပါ သည်။

ဥရောပသမဂ္ဂမှ “Everything But Arms(EBA)”အစီအစဉ်အရ မြန်မာနိုင်ငံအပေါ် ပေးအပ်ထားသည့် ကုန်သွယ်ရေးအခွင့်အရေးများကြောင့် အစိုးရက တိုက်ရိုက်ရရှိသည့်စီးပွားရေးအကျိုးအမြတ်မှာ အကန့်အသတ်ရှိကြောင်းနှင့်မြန်မာနိုင်ငံ၏ အခြေ အနေများကိုလည်း ပုံမှန်စောင့်ကြည့်အကဲဖြတ်လျက်ရှိကြောင်းရှင်းလင်းပြောကြားခဲ့ပြီး ထိုသို့ EBA အခွန်သက်သာခွင့်ကို ဆက်လက်ထားရှိစေခြင်းမှာ EBA သည် မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို အထောက်အကူပြုနေကြောင်းနှင့် အဆိုပါအခွင့်အရေးကို ရုပ်သိမ်းပါက အစိုးရထက် အထိခိုက်ဆုံးမှာ အားနည်းသော ပြည်သူများဖြစ်လာနိုင်သည်ဟု ယူဆခြင်းကြောင်းဖြစ်ကြောင်းဖော်ပြထားပါသည်။

La Unión က ဥရောပကော်မရှင်၏ ရပ်တည်ချက်ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး မြန်မာနိုင်ငံသို့ပေးအပ်ထားသော  အခွန်သက်သာခွင့်ကို ချက်ချင်းရပ်ဆိုင်းရန် စပိန် စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် ဥရောပကော်မရှင်တို့အား ဆက်လက်တောင်းဆိုခဲ့ကြောင်း Europa Press သတင်းတွင် ဖော်ပြထားပါသည်။

ကိုးကားရင်းမြစ်

https://www.europapress.es/extremadura/noticia-union-exige-suspender-acuerdo-comercial-myanmar-desplome-precio-arroz-productores-europeos-20260717104531.html

(ယုသီရိဗို၊ စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: International News