International News

ကိုရီးယားလေကြောင်းလိုင်း Korean Air မှနိုင်ငံတကာလေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲမည်

Last Updated:

ကိုရီးယားသမ္မတနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ၏ အမြင့်ဆုံးအချိန်ကာလကို ကျော်ဖြတ်နိုင်တော့မည်ဟု ယူဆရသည့်အတွက် တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်းလေကြောင်း လိုင်းကုမ္ပဏီတစ်ခုဖြစ်သည့် Korean Air မှ လာမည့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း ၄င်းတို့၏ နိုင်ငံတကာလေကြောင်းခရီးစဉ်အချို့ကို ပြန်လည်ဖွင့်လှစ်ပြေးဆွဲသွားမည်ဟု ၇-၅-၂၀၂၀ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ကုမ္ပဏီ၏ဖော်ပြချက်တွင် ကိုရီးယားလေကြောင်းလိုင်း Korean Air သည် ခရီးသည်များသွားလာမှုသိသိသာသာကျဆင်းသွားခြင်းကို ကုန်စည်ပို့ဆောင်ရေး တိုးမြှင့်ခြင်းမှတစ်ဆင့် ပြန်လည်ကုစားဆောင်ရွက်နိုင်ရန် ၄င်း၏ နိုင်ငံတကာသို့ ပျံသန်းသည့်ခရီးစဉ် (၁၉) ခုကို လာမည့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၁)ရက်နေ့တွင် ပြန်လည်စတင်ရန်စီစဉ်နေကြောင်း၊ ပြန်လည်ဖွင့်လှစ်မည့်ခရီးစဉ်များတွင် Washington D.C.၊ Seattle၊  Vancouver၊ Toronto၊ Frankfurt၊ Singapore၊ Beijing နှင့် Kuala Lumpur တို့ပါဝင်မည်ဖြစ်သည့်အပြင် မြန်မာနှင့် ဗီယက်နမ်နိုင်ငံ များလည်း ပါဝင်မည်ဖြစ်ကြောင်း၊ ထိုအစီအစဉ်သည် COVID-19 ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ပြုလုပ်ခဲ့ရသည့်ကန့်သတ်ချက်များကို နိုင်ငံအများစုက ဖြေလျော့ပေးလိုက်သည့် နောက်တွင် တိုးတက်လာမည့် ခရီးသွားလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

 

( မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

 

Category: International News