International News

ခရီးသွားလာရေးနှင့် e-commerce တို့တွင် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရန် သဘောတူညီချက်ပြုလုပ်လိုက်ပြီဖြစ်သည့် Trip.comနှင့် JD.com

Last Updated:

တရုတ်နိုင်ငံ၏ အကြီးမားဆုံး အွန်လိုင်းခရီးသွားအေဂျင်စီဖြစ်သည့် Trip.com အုပ်စုက တရုတ်နိုင်ငံ၏ e-commerce လုပ်ငန်းကြီးဖြစ်သည့် JD.com နှင့်  ခရီးသွားနှင့်  e-commerceကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် သဘောတူညီချက်တစ်ရပ် အား သြဂုတ်လ (၁၇) ရက်နေ့တွင် ပြုလုပ်ခဲ့ကြပါသည်။

သဘောတူညီချက်အရ လုပ်ငန်းကြီးနှစ်ခုတို့မှာ  အသုံးပြုသူများ၏ ခြုံငုံမှုအား ပိုမိုတိုးချဲ့ရေး၊ လမ်းကြောင်းများနှင့် ရင်းမြစ်များမျှဝေရေး၊ အွန်လိုင်းပေါ်နှင့် အွန်လိုင်းပြင်ပ လုပ်ငန်းဆောင်ရွက်မှုအသွားအလာများကို ခြုံငုံမိစေရေး၊ လုပ်ငန်းချင်း အပြန်အလှန် ဈေးကွက်ရှာဖွေရေးနှင့် စီးပွားရေးခရီးသွားဈေးကွက်အပေါ် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေးတို့အပါအဝင်  ပူးပေါင်းဆောင်ရွက်ရေး ရည်ရွယ်ချက် (၅) ရပ်အား ချမှတ်ထားပါသည်။

ရာသီအလိုက် ခရီးသွားထုတ်ကုန်များအား ယှဉ်ပြိုင်နိုင်သောဈေးနှုန်းများနှင့် Trip.comအုပ်စုက JD.comသို့ ကမ်းလှမ်းသွားရန် ကတိကဝတ် ပြုထားပြီး၊ ၎င်းခရီးသွား ထုတ်ကုန်များအား လာမည့်(၈)လအတွင်း စတင်သွားရန် နှစ်ဦးနှစ်ဖက် မျှော်မှန်းထားကြပါသည်။

မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုမှနေ၍ Trip.com အုပ်စုက အပြိုင်အဆိုင်အလွန်များသည့် ခရီးသွားထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ ဆီသို့ JD.com ကို ခေါ်ဆောင်လာရုံမျှမက  JD.com ၏ အထောက်အကူဖြင့်  ခရီးသွားလာမှုနှင့် ဆက်စပ်နေသည့်လုပ်ငန်းများကို ထပ်မံတိုးချဲ့ သွားကာ  ကမ္ဘာတစ်ဝှမ်းမှ Trip.com အသုံးပြုသူ သန်း (၄၀၀)ကျော်အား မတူကွဲပြားသည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပေးသွားမည်ဟု Trip.comအုပ်စု၏ CMO Sun Boက ပြောကြားထားပါသည်။

ယခုနှစ် ပထမ(၆)လအတွင်း COVID-19 ကပ်ရောဂါကြောင့် Trip.comပေါ်မှ ကြိုတင်နေရာယူထားသော ယွမ်ငွေ (၃၁)ဘီလီယံ (အမေရိကန် ဒေါ်လာ ၄.၄၆ ဘီလီယံ) တန်ဖိုးရှိ ခရီးစဉ်သန်းပေါင်းများစွာတို့အား ဖျက်သိမ်းခြင်း (သို့မဟုတ်) အချိန်ရွှေ့ဆိုင်းခြင်းများ ပြုလုပ်ခဲ့ရပါသည်။

တရုတ်နိုင်ငံ၏ ပြည်တွင်းခရီးသွားမှုမှာ ပြန်လည်အရှိန်ရလာပြီဖြစ်ကာ၊ ခရီးသွားဈေးကွက် ပြန်လည်နာလန်ထူလာချိန်၏ ကနဉီးအခွင့်အရေးများ ကို အမိအရဖမ်းယူနိုင်စေရန် JD.comပေါ်တွင် Trip.com ၏  အဓိကအရောင်းဆိုင်အား ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

Trip.com အုပ်စုနှင့် JD.com တစ်ခုစီတွင် လက်ရှိအသုံးပြုနေသူပေါင်း သန်း (၄၀၀)ကျော်ရှိကြပါသည်။  တရုတ်နိုင်ငံ၏ စီးပွားရေးခရီးသွား ဈေးကွက်တွင် Trip.com အုပ်စုက ဉီးဆောင်သူအခန်းကဏ္ဍနေရာအား ဆက်လက်ယူထားဆဲဖြစ်ကာ၊ JD.com တွင် ကော်ပိုရိတ်ဖောက်သည် ပေါင်း (၈) သန်းကျော်နှင့် လက်ရွေးစင်ကုန်သည်ပေါင်း သိန်းကျော် ရှိကြပါသည်။

COVID-19ကပ်ရောဂါကာလအတွင်း Trip.com အုပ်စုက တိုက်ရိုက်ထုတ်လွှင့်သည့် အစီအစဉ်ပေါင်း (၄၀) ကျော်ကိုပြုလုပ်ခဲ့ပြီး ခရီးသွားများ နှစ်ခြိုက်သည့် ယွမ်ငွေ (၁.၁) ဘီလီယံတန်ဖိုးရှိ ဝန်ဆောင်မှုများကို ကြိုတင်နေရာယူထားခြင်း (Booking) များ ပြုလုပ်နိုင်ခဲ့ကြပါသည်။ ဗွီဒီယို အတိုများ ထုတ်လွှင့်သည့် e-commerceတွင် ၎င်း၏ရင်းနှီးမြှုပ်နှံ မှုများကို JD.com ကတိုးမြှင့်ထားပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ Xinhua (၁၆-၇-၂၀၂၀)

Category: International News