International News

ခရီးသွားလုပ်ငန်းအား ပြန်လည်စတင်ခွင့်ပြုရန် အိန္ဒိယအစိုးရက စီစဉ်လျက်ရှိခြင်း

Last Updated:

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်အတွင်း Covid-19 ကပ်ရောဂါကူးစက်အား တည်ငြိမ်စွာထိန်းချုပ်နိုင်သည့် အနေအထားသို့ ရောက်ရှိလာချိန် ၌ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအား ပြန်လည်စတင်လုပ်ကိုင်ခွင့်ပြုမည့် ကြေညာချက်ကို အိန္ဒိယအစိုးရက စက်တင်ဘာလကုန် ပိုင်းခန့်တွင် ထုတ်ပြန်ဖွယ်ရှိကြောင်း သိရှိရပါသည်။

၁၈-၉-၂၀၂၁ နေ့၌ ဂိုအာပြည်နယ်ရှိ ကျန်းမာရေးလုပ်သားများအား ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံရာ၌ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီက အစိုးရအနေဖြင့် ဂိုအာပြည်နယ်သို့ ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်မှုကို ခွင့်ပြုရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဂိုအာပြည်နယ်၌ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်းများကို ဆောင်ရွက်ခဲ့မှုနှင့်အတူ ကပ်ရောဂါတားဆီးကာကွယ်ရေး ကြိုတင်ဆောင်ရွက်မှုများ လုပ်ဆောင်ခြင်းဖြင့် ရှေ့လာမည့် ခရီးသွားရာသီကာလ၌ ယခင်ကအတိုင်း လုပ်ငန်းများ ပြန်လည်စတင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်စတင်လည်ပတ်နိုင်ရေးအတွက် အစိုးရဝန်ကြီးဌာနများအကြား ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ Covid-19 ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသည့် နိုင်ငံခြားသားခရီးသည်များအား စင်းလုံးငှားလေကြောင်း ခရီးစဉ်ဖြင့် ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း၊ Covid-19 ကပ်ရောဂါ ကူးစက်မှုအား ရင်ဆိုင်တွန်းလှန်နေရဆဲနိုင်ငံများမှ ခရီးသည်များကိုမူ ပြည်ဝင်ခွင့်တားမြစ်ထားဖွယ်ရှိကြောင်း၊ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိ များသည် ကမ္ဘာလှည့်ခရီးသည်များအား ပြည်တွင်းသို့ စတင်ဝင်ရောက်ခွင့်ပြုမည့်နေ့ရက် သတ်မှတ်နိုင်ရေးကို  ၎င်းလုပ်ငန်းနယ်ပယ်၌ ပါဝင်လုပ်ကိုင်သူများနှင့် ညှိနှိုင်းနေဆဲဖြစ်ကြောင်း၊ ယခုကဲ့သို့ ခွင့်ပြုခြင်းက ၂၀၂၀ ပြည့်နှစ်၊ မတ်လမှစတင်၍ Covid-19 ကပ်ရောဂါ၏ သက်ရောက်ထိခိုက်မှုနှင့် ရင်ဆိုင်ခဲ့ရသည့် ခရီးသွား လာမှု၊ ဟိုတယ်ဝန်ဆောင်မှုနှင့် လေကြောင်းပို့ဆောင်မှုကဏ္ဍတို့၏ ပြန်လည်ရှင်သန်မှုကို အထောက်အကူပြုမည်ဖြစ်ကြောင်း စသည်ဖြင့် အစိုးရဌာနဆိုင်ရာ အရာရှိ အချို့၏ ပြောဆိုချက်အား ကိုးကားလျက် အိန္ဒိယသတင်းဌာနများက ဖော်ပြကြပါသည်။

အိန္ဒိယအစိုးရသည် ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ပြန့်ပွားသည့် အချိန်ကပင် ခရီးသွား ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးမှုကို ရပ်ဆိုင်းထားခဲ့ရာ ၁ နှစ်ခွဲကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ လက်ရှိကာလတွင် နှစ်နိုင်ငံချင်း Air Bubble သဘောတူညီမှုဖြင့် အထူးလေကြောင်းခရီးစဉ်များ ပျံသန်းခြင်းမှအပ အိန္ဒိယနိုင်ငံ ပြည်ပနိုင်ငံ များအကြား စီးပွားရေးလုပ်ငန်းဆိုင်ရာ ခရီးသည်တင်လေကြောင်းခရီးစဉ်များ ပျံသန်းမှုကို ဆိုင်းငံ့ထားဆဲဖြစ်သည်။ ခရီးသွားလုပ်ငန်း ပြန်လည်လုပ်ကိုင်နိုင်ရေးနှင့် စပ်လျဉ်း၍ Stic Travels ခရီးသွားလုပ်ငန်း၏ ဥက္ကဋ္ဌဖြစ်သူ Mr. Subhash Goyal က ပြည်ပရှိ ၎င်းတို့၏ လုပ်ငန်းမိတ်ဖက်များနှင့် မပြတ်ထိတွေ့လျက်ရှိရာ အစိုးရ အနေဖြင့် နိုင်ငံခြားသားခရီးသည်များအား အိန္ဒိယသို့ ဝင်ရောက်ခွင့်ပြုမည့် ဆုံးဖြတ်ချက်ကို ဆောလျင်စွာထုတ်ပြန်ပါက လာမည့်ဆောင်းရာသီကာလတွင် အိန္ဒိယ ခရီးသွားလုပ်ငန်းအတွက် ဝယ်လိုအားအခြေအနေ ကောင်းမွန်မှုရှိမည်ဟု ခန့်မှန်းရကြောင်း၊ ကမ္ဘာလှည့်ခရီးသည်များအား အိန္ဒိယသို့ ဝင်ရောက်ခွင့်ပြုသည့် ရည်ရွယ် ချက်ကို အကျိုးပြုနိုင်ရန်အတွက် စီးပွားရေး လေကြောင်းခရီးစဉ်များကိုလည်း ခွင့်ပြုရန်လိုအပ် ကြောင်း ပြောဆိုပါသည်။

အိန္ဒိယနိုင်ငံ၌ ၂၀၁၉ ခုနှစ်အတွင်း ပြည်ပခရီးသည် ၁၀.၉ သန်းကျော် လာရောက်လည်ပတ်ခဲ့ပြီး ဟိုတယ်နှင့် ခရီးသွားကဏ္ဍမှ နိုင်ငံခြားငွေဒေါ်လာ ၃၀ ဘီလီယံခန့် ရရှိခဲ့ပါသည်။ ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် စီးပွားရေးလှုံ့ဆော်မှု အစီအမံများအား ရှင်းလင်းရာ၌ အိန္ဒိယဘဏ္ဍာရေးဝန်ကြီး နီမာလာစီသာရာမန် က ယခုဘဏ္ဍာနှစ်တွင် ၃၁-၃-၂၀၂၂ ရက်နေ့အထိ ပြည်တွင်းသို့ လာရောက်လည်ပတ်မည့် နိုင်ငံခြားသားခရီးသည်ဦးရေ ၅ သိန်းအား ခရီးသွားပြည်ဝင်ခွင့်ဗီဇာ အခမဲ့ထုတ်ပေးမည်ဖြစ် ကြောင်း ပြောကြားထားပါသည်။ အိန္ဒိယနိုင်ငံသို့ လာ‌ရောက်မည့် ကမ္ဘာလှည့်ခရီးသည်တစ်ဦးလျှင် ၁ လတာ ပြည်ဝင်ခွင့် ခရီးသွားဗီဇာကြေးကို ၂၅ ဒေါ်လာနှင့် ၁ နှစ် တာအတွင်း အကြိမ်ကြိမ်ပြည်ဝင်ခွင့် ခရီးသွားဗီဇာကြေးကို ၄၀ ဒေါ်လာ သတ်မှတ်ကောက်ခံ လျက်ရှိကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. Govt announcement on international tourism likely in 10 days, 20-9-2021, Hindustan Times

                   2. India to allow charter flights as it gets ready to welcome tourists, 20-9-2021, Business Standard

Category: International News