ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးပြီးနိုင်ငံများသည် လက်ရှိဖြစ်ပေါ်နေသော ငွေကြေးဖောင်းပွမှုများကို တားဆီးနိုင်ရန်အတွက် တင်းကြပ်သော ငွေကြေးမူဝါဒဖြစ်စေရန် အပြိုင်အဆိုင် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြသည်။ သို့သော် ဂျပန်နိုင်ငံသည် ကမ္ဘာ့နိုင်ငံအများစုနှင့်မတူညီသည့် ငွေးကြေးမူဝါဒကို ကျင့်သုံးပါသည်။ ဂျပန်ဗဟိုဘဏ်သည် ၂၀၁၆ ခုနှစ်မှစတင်၍ သုညရာခိုင်နှုန်းအောက်သို့ လျှော့ချသည့် အတိုးနှုန်း (Negative Interest Rates) မူဝါဒကို ပြောင်းလဲကျင့်သုံးခဲ့သည်။
ငွေကြေးဖောင်းပွမှုနှုန်း ၈ ရာခိုင်နှုန်းကျော်ရှိသည့် အမေရိကန်နိုင်ငံ ၊ ဥရောပနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဂျပန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂ ရာခိုင်နှုန်းကျော်သာ ရှိပါသည်။ လေ့လာဆန်းစစ်သူများက ဂျပန်နိုင်ငံ၏ မူဝါဒအတိုးနှုန်း (Policy Rate) သည် ၂၀၂၆ ခုနှစ်အထိ အနုတ်လက္ခဏာ ဖြစ်နေဦးမည်ဟု ခန့်မှန်းထားကြသည်။ ဂျီ-၇ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံ နှင့်အခြားအဖွဲ့ဝင်နိုင်ငံများအကြား ငွေကြေးဆိုင်ရာမူဝါဒ ကွာခြားမှုသည် ယန်းငွေတန်ဖိုးကို တစ်နှစ် အတွင်း ၁၅ ရာခိုင်နှုန်းကျော် ကျဆင်းသွားစေခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာနှင့် စွမ်းအင်စရိတ်စကများရှိသော်လည်း ဂျပန်နိုင်ငံ၏ စွဲမြဲနေသော ငွေကြေးဖောင်းပွမှုနည်းခြင်းကို လိုလားသည့် အလေ့အထနှင့် ပြည်တွင်းဝယ်လိုအား နည်းပါးခြင်းများကြောင့် ဈေးနှုန်းဆိုင်ရာပြဿနာများကို ဖြစ်ပေါ်စေပါသည်။ ငွေကြေးတည်ငြိမ်မှုမရှိဘဲ ယန်းငွေတန်ဖိုး အကျဘက်သို့ ဦးတည်နေခြင်းသည်လုပ်ခလစာနည်းမှုအပေါ်တွင် တစ်စိတ်တစ်ပိုင်း အကျိုးသက်ရောက်မှုရှိနေပါသည်။ ဥပမာအားဖြင့် ဂျပန်နိုင်ငံတွင် ၂၀၂၂ ခုနှစ် ၊ ဧပြီလ အတွင်းလုပ်ခလစာ ကျုံ့လာပြီး ကုန်ဈေး နှုန်းမြင့်တက်ခဲ့သည့်အတွက် ဂျပန်ပြည်သူများအကြား စိုးရိမ်မှုမြင့်တက်ခဲ့ပါသည်။ အချိန်ပိုင်းနှင့် ကန်ထရိုက်လုပ်သားဦးရေသည် ဂျပန်နိုင်ငံရှိ အလုပ်အားလုံး၏ သုံးပုံတစ်ပုံကျော်အထိ မြင့်တက်လာခြင်းနှင့် အဖွဲ့အစည်းများတွင် လုပ်ကိုင်နေသူများ၏ လုပ်ခလစာ မြင့်မားမှုထက် အလုပ်အကိုင် အာမခံချက်ရှိရေးကို အာရုံစိုက်နေခြင်းတို့သည် လုပ်ခလစာနည်းပါးရခြင်း၏ အဓိကဇာစ်မြစ်များဖြစ်သည်။ ထို့အပြင် သက်ကြီးရွယ်အိုများ များပြားလာခြင်းနှင့် လူဦးရေလျော့နည်းလာခြင်းတို့ကြောင့်လည်း ဝယ်လိုအားကျဆင်းမှုကိုဖြစ်စေပါသည်။ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund-IMF) ၏ စစ်တမ်း ကောက်ယူချက်အရ ၂၀၂၁ ခုနှစ်အတွင်း ဂျပန်နိုင်ငံတွင် လူဦးရေ ၃ သိန်းကျော်လျော့နည်းသွားသည်ကို တွေ့ရှိရပါသည်။
ဝန်ကြီးချုပ် ကီရှီတာသည် လုပ်ခလစာ တိုးမြှင့်ရေးကို အဓိကဦးစားပေးမူဝါဒတစ်ရပ်အဖြစ် ချမှတ်ထားသည်။ ဝန်ကြီးချုပ် က ယခုနှစ်တွင် ကျင်းပသည့် အလုပ်ရှင်-အလုပ်သမားလစာညှိနှိုင်းရေးနှစ်ပတ်လည်အစည်းအဝေး (The Annual Shuntō Wage Negotiations) တွင် ကုမ္ပဏီကြီးများအား လုပ်ခလစာ ၃ ရာခိုင်နှုန်း တိုးမြှင့်ပေးရန် ပြောကြားခဲ့သော်လည်း ကုမ္ပဏီများမှ ၂ ရာခိုင်နှုန်းကျော်သာ တိုးမြှင့်ပေးရန် သဘောတူညီခဲ့ကြပါသည်။ ဂျပန်နိုင်ငံအစိုးရသည် လုပ်ခလစာတိုးမြှင့်ပေးရေးနှင့် စပ်လျဉ်း၍ အကောင်းဆုံး ကြိုးစားအားထုတ်သော်လည်း နှစ်စဉ်လုပ်ခလစာတိုးပေးရန် ညှိနှိုင်းလေ့ရှိသည့် ဂျပန်လူမျိုးတို့၏ အလေ့အထနှင့် အချိန်ပိုင်းအလုပ်သမား အများအပြားရှိနေခြင်းတို့ကြောင့် လုပ်ခလစာတိုးမြှင့်ရေးကိစ္စရပ်ကို ညင်သာစွာ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ပါသည်။ ထိုလုပ်ငန်းစဉ်များ ပြီးစီးသွားပါက ငွေကြေးဖောင်းပွမှုနှုန်း ပြန်လည်လျော့နည်းလာမည်ဖြစ်ပြီး၊ အတိုးနှုန်းလျှော့ချ၍ စီးပွားရေးလုပ်ငန်းများမြှင့်တင်ရန်အတွက် ငွေစက္ကူလိုအပ်သည်ထက်ရိုက်နှိပ်၍ ထုတ်ဝေသည့် ငွေကြေးမူဝါဒ (Expansionary Monetary Policy) ကို ကျင့်သုံးရန် လိုအပ်နေဦးမည်ဖြစ်သည်။
Ref: FocusEconomics
မေအောင်လိန်း (MYANTRADE)