International News

ဂျပန်နိုင်ငံ၏ ကုန်သွယ်ရေး မေလအတွင်း သိသိသာသာ ကျဆင်းခဲ့

Last Updated:

ကမ္ဘာနှင့်အဝှမ်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားနေမှု၏ အကျိုးဆက်အဖြစ် ကမ္ဘာ့စီးပွားရေးဆက်လက် ထိုင်းမှိုင်းနေသော ကြောင့်  ဂျပန်နိုင်ငံ၏ ပို့ကုန်ကဏ္ဍသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မေလတွင် သိသိသာသာ ကျဆင်းခဲ့ပါသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနက ဇွန်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် အချက်အလက်များအရ မေလအတွင်း ဂျပန်နိုင်ငံ၏ ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃၉.၁ ဘီလီယံခန့် ရှိပါကြောင်း၊ ထိုပမာဏသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၏ ကာလတူအချိန်ကထက် ၂၈.၃% ကျဆင်းခဲ့ခြင်းဖြစ်ပါကြောင်း၊ ကမ္ဘာ့ငွေကြေးအကျပ်အတည်း ကာလအပြီး ၊ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ နောက်ပိုင်း အကြီးမားဆုံး ကျဆင်းမှုဖြစ်သည်ကို တွေ့ရပါကြောင်း၊ အမေရိကန်သို့ တင်ပို့နေသည့် ပို့ကုန်အနေဖြင့် ၅၀.၆ % ကျဆင်းခဲ့ပါကြောင်း၊ မော်တော်ကားများနှင့် ကားပစ္စည်း အစိတ်အပိုင်းတင်ပို့မှုတွင် ၇၀ % ကျော်ခန့် ကျဆင်းခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

ထို့အပြင် ဥရောပသမဂ္ဂ (EU)သို့ တင်ပို့မှုတွင် ၃၃.၈%  ကျဆင်းခဲ့ပြီး မော်တော်ကားများနှင့် ကားပစ္စည်းအစိတ်အပိုင်း တင်ပို့မှု သည် သိသိသာသာကျဆင်းခဲ့ပါကြောင်း၊ တရုတ်နိုင်ငံသို့ တင်ပို့မှုမှာလည်း ၁.၉%  ကျဆင်းခဲ့ပါကြောင်း၊ မေလအတွင်း ဂျပန်နိုင်ငံအတွင်း တင်သွင်းခဲ့သည့် သွင်းကုန်များအနေဖြင့် အမေရိကန်ဒေါ်လာ ၄၆.၉ ဘီလီယံရှိပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကထက်၂၆.၂ % ကျဆင်းခဲ့ပြီး ထိုကျဆင်းမှုသည် ၂၀၀၉ ခုနှစ် အောက်တိုဘာလ နောက်ပိုင်း အကြီးမားဆုံး ကျဆင်းမှုဖြစ်ပါကြောင်း၊ အမေရိကန်နှင့် ဥရောပဒေသမှ လေယာဉ်၌ တပ်ဆင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းအစိတ်အပိုင်းများ တင်သွင်းမှုမရှိ၍ သွင်းကုန်အပိုင်း ကျဆင်းမှုကို ပိုမိုသိသာစေခဲ့ခြင်းဖြစ်သည့်အတွက် မေလအတွင်း ကုန်သွယ်ရေးစာရင်းလက်ကျန်ရှင်းတမ်းသည် အမေရိကန်ဒေါ်လာ ၇.၈ ဘီလီယံခန့်အထိ လိုငွေပြနေခြင်းဖြစ်ကြောင်း သိရပါသည်။

 

 

( မြန်မာစီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News