Local News

စိုက်ပျိုးသင့်သည့် နေကြာသီးနှံ

Last Updated:

စိုက်ပျိုးသင့်သည့် နေကြာသီးနှံ

    စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆောင်းနေကြာကို  အဓိကထားစိုက်ပျိုးပြီး ၂၀၂၂-၂၀၂၃ ဆောင်းနေကြာ ဧက ၃ သိန်းကျော် စိုက်ပျိုးရန် လျာထားကြောင်းသိပါသည်။ မိုးနေကြာကိုလည်း ဧက ၄ သောင်းကျော် စိုက်ပျိုးထားရှိပါသည်။ စိုက်ပျိုးထားရှိသော ခရိုင်များမှာ စစ်ကိုင်းခရိုင် (၁၄၇၅၇) ဧက၊ ယင်းမာပင် ခရိုင် (၁၃၉၅၇) ဧက၊ မုံရွာခရိုင် (၈၂၄၆) ဧက၊ ရေဉီးခရိုင် (၄၉၉၆) ဧက၊ ရွှေဘိုခရိုင် (၁၁၃၁) ဧကဖြစ်ပြီး ကန့်ဘလူခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ခန္တီးခရိုင်၊ ဟုမ္မလင်းခရိုင်နှင့် နာဂဒေသတို့တွင်လည်း ဧကအနည်းငယ်စီစိုက်ပျိုးပါသည်။အများဆုံးစိုက်ပျိုးသော မျိုးများမှာ ရေဆင်းစပ်မျိုး (၁)၊ ဆင်းရွှေကြာ (၂)နှင့် ဒေသမျိုးတို့ ဖြစ်ပါသည်။ နေကြာတစ်ဧကလျှင် မျိုး (၄/၅)ပြီခန့် ကုန်ပါသည်။ နေကြာပင် စိုက်ပျိုးပြီး ရက်ပေါင်း (၈၀/၈၅)ရက်ခန့် အကြာတွင် နေကြာပွင့်များ၏ နောက်ကျောဘက် အဝါရောင်ပြောင်းချိန်တွင် ရိတ်သိမ်းနိုင်ပါသည်။ ရိတ်သိမ်းပြီး နေကြာပွင့်များကို နေပူပူတွင် (၂/၃)ရက်ခန့်အကြာ နေလှမ်းပြီး ခြောက်သွေ့ပါက နေကြာစေ့များရရှိအောင် တုတ်ဖြင့်ပုတ်၍ သော်လည်းကောင်း၊စက်ဖြင့်သော်လည်းကောင်း ချွေပေးရပါသည်။ နေကြာ တစ်ဧကလျှင် နေကြာစေ့တင်း (၂၀/၂၅) တင်းခန့် ထွက်ရှိပါသည်။ နေကြာတစ်ဧက ကုန်ကျစရိတ် ( ၃  ) သိန်းကျော်ခန့်ကုန်ကျပြီး နေကြာတစ်ဧက အစေ့ ပျမ်းမျှ (၂၀) တင်းထွက်ပါက လက်ရှိပေါက်စျေး (၄၀၀၀၀) ကျပ်ဖြင့် ရောင်းပါက တောင်သူများ အကျိုးအမြတ်များစွာရရှိသော သီးနှံဖြစ်ပါသည်။

     နေကြာစေ့ တစ် တင်းဆီကြိတ်လျှင် နေကြာဆီ ၄ ပိဿာကျော် ရရှိပြီး၊နေကြာဖတ်   ၆ ပိဿာခန့်ထွက်ရှိပါသည်။ စက်တင်ဘာလ နောက်ဆုံး အပတ် နေကြာဆီ စျေးနှုန်းမှာ တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊နေကြာစေ့ တစ်ပိဿာလျှင် (၄၅၀၀)ကျပ်ဖြစ်ကာ ယခင်နှစ်ကာလတူနှိုင်းယှဉ်ပါက ဈေးနှုန်းထက်ဝက်ခန့် မြင့်တက်နေသဖြင့် တောင်သူများ များစွာအကျိုးအမြတ်ရရှိနေသည်။ ထို့ကြောင့် နေကြာသီးနှံကို GAP စနစ်ဖြင့် မျိုးကောင်း၊မျိုးသန့်များကို ရွှေးချယ်ကာ ယခုထက် ပိုမိုစိုက်ပျိုးသင့်ပါကြောင်း ရေးသားလိုက်ပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News