ယူအေအီးနိုင်ငံ၏ ရေနံတင်ပို့မှုသည် ၂၀၂၆ ခုနှစ်၊ ဇွန်လတွင် တစ်ရက်လျှင် စည်ပေါင်း ၃.၇ သန်းမှ ၃.၈ သန်းအထိရှိခဲ့ပြီး စံချိန်တင်မြင့်တက်ခဲ့ကာ မေလကထက် တစ်ရက်လျှင်စည်ပေါင်း ၁ သန်းကျော်ပိုမိုများပြားခဲ့ကြောင်း၊ အရှေ့ အလယ်ပိုင်းဒေသ၏ ရေနံထုတ်လုပ်မှုအဆင့်မှာ လျင်မြန်စွာပြန်လည်တိုးတက်လာနေပြီး၊ လာမည့်ရက်သတ္တပတ်များအတွင်း ပုံမှန်နီးပါးအခြေအနေသို့ ပြန်လည်ရောက်ရှိရန်မျှော်လင့်နိုင်ကြောင်း Fitch Ratings ၏ဖော်ပြချက်အရ သိရပါသည်။
ယူအေအီးနှင့် ကာတာနိုင်ငံတို့မပါဝင်ဘဲ OPEC+ အဖွဲ့ဝင်မဟုတ်သောနိုင်ငံများ၏ ရေနံထုတ်လုပ်မှုသည် တစ်ရက်လျှင် စည် ၁.၇ သန်းတိုးတက်လာမည်ဟုမျှော်လင့်ကြောင်း Fitch Ratings က ပြောကြားခဲ့ပါသည်။ ယူအေအီး၏ရေနံတင်ပို့မှုသည် သိသာစွာပြန်လည်ဦးမော့လာခဲ့ပြီး၊ ဇွန်လတွင် တစ်ရက်လျှင် စည် ၄ သန်းခန့်တင်ပို့နိုင်ခဲ့ကာ ယင်းပမာဏ၏ထက်ဝက်မှာ ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။
ဒေသတွင်းစစ်ပွဲဖြစ်ပွားချိန်အတွင်း ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုကို ရှောင်ကွင်းနိုင်ရန်အတွက် ယူအေအီးနိုင်ငံသည် အရေးပါသော ရေနံထောက်ပံ့မှုလမ်းကြောင်းများအား ခေါဖက်ကန်နှင့် ဖူဂျဲရာကဲ့သို့သောဆိပ်ကမ်းများမှတစ်ဆင့် လျင်မြန်စွာပြောင်းလဲဆောင်ရွက်ခဲ့ပါသည်။ ယူအေအီးနိုင်ငံ၏ ရေနံပိုက်လိုင်းအသစ်တည်ဆောက်မှုမှာလည်း လက်ရှိ၌ ၅၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး၊ ၂၀၂၇ ခုနှစ်နှစ်လယ်ပိုင်းတွင် ရေလက်ကြားကို ရှောင်ကွင်းပို့ဆောင်နိုင်မည့် စုစုပေါင်းပိုက်လိုင်းစွမ်းရည်မှာ တစ်ရက်လျှင် စည် ၃.၃ သန်းအထိရှိလာမည်ဖြစ်ပါသည်။
OPEC အဖွဲ့၏ ရေနံထုတ်လုပ်မှုပမာဏပြန်လည်တိုးတက်လာခြင်းနှင့် အိုပက်ပြင်ပနိုင်ငံများ၏ ထုတ်လုပ်မှုတိုးတက်လာခြင်းတို့ကြောင့် ရေနံဈေးကွက်မှာ ၂၀၂၆ ခုနှစ် စက်တင်ဘာလမတိုင်မီ လိုအပ်ချက်ထက် ပိုလျှံသည့်အခြေအနေသို့ ပြန်လည်ရောက်ရှိမည်ဟု Fitch Ratings က ခန့်မှန်းထားပါသည်။ ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ရေနံစီးဆင်းမှု ပုံမှန်အတိုင်းဆက်လက်တည်ငြိမ်နေမည့်အယူအဆအပေါ်အခြေခံ၍ ထိုသို့ခန့်မှန်းထားခြင်းဖြစ် ကြောင်း သိရပါသည်။
အမေရိကန်နှင့် အီရန်တို့အကြား ယာယီအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်လက်မှတ်ရေးထိုးပြီးနောက် ရေနံဈေးကွက်သည် လျင်မြန်စွာတုံ့ပြန်ခဲ့သဖြင့် ဧပြီလနှင့် မေလများတွင် ရေနံတစ်စည်လျှင် ၁၀၂ ဒေါ်လာမှ ၁၉၅ ဒေါ်လာအထိ အမြင့်ဆုံးဖြစ်ခဲ့သော ဘရန့်ဒ် ရေနံစိမ်း (Brent crude)ဈေးနှုန်းမှာ တစ်စည်လျှင် ၇၂ ဒေါ်လာအထိကျဆင်းသွားခဲ့ပါသည်။
ဟော်မုဇ်ရေလက်ကြားအား ဖြတ်သန်းသွားလာနေသည့် နေ့စဉ်ကုန်တင်သင်္ဘောများနှင့်ရေနံစီးဆင်းမှုများတိုးတက် လာနေသော်လည်း ရေလက်ကြားဖြတ်သန်းမှုများသည် ကာလတိုအတွင်း ဆက်လက်မတည်မငြိမ်ဖြစ်နိုင်ကြောင်း၊ လာမည့်ရက်သတ္တပတ်များအတွင်း အရှေ့အလယ်ပိုင်းဒေသ၏ ရေနံထုတ်လုပ်မှုပမာဏပုံမှန်နီးပါးပြန်ဖြစ်ရန် မျှော်မှန်းထားသော်လည်း မသေချာမရေရာမှုများရှိနေဆဲဖြစ်ကြောင်း Fitch Ratings က ဖော်ပြထားပါသည်။
Fitch Ratings ၏အစီရင်ခံစာအရ ဟော်မုဇ်ရေလက်ကြားမှ သင်္ဘောသွားလာမှုသည် ဇွန်လ ၂၅ ရက်နေ့တွင် စစ်ပွဲမတိုင်မီက အဆင့်၏ ၇၀ ရာခိုင်နှုန်းအထိပြန်လည်ရောက်ရှိလာခဲ့ပါသည်။ သို့သော် ဟော်မုဇ်ရေလက်ကြားအပြင် အိမ်နီးချင်းဘာရိန်းနိုင်ငံတို့တွင်ပါ တိုက်ခိုက်မှုများပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်နှင့် အီရန်နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်နေသည်ဟု အပြန်အလှန်စွပ်စွဲခဲ့ကြရာ သင်္ဘောအရေအတွက် ခေတ္တမျှကျဆင်းသွားခဲ့သော်လည်း ယာယီသာဖြစ်ပြီး လျင်မြန်စွာပြန်လည်မြင့်တက်လာခဲ့ကြောင်း သိရပါသည်။
၂၀၂၆ ခုနှစ်၊ မေလတွင် ကမ္ဘာလုံးဆိုင်ရာ စောင့်ကြည့်လေ့လာထားသော ရေနံလက်ကျန်စုစုပေါင်းစည် ၇.၉ ဘီလီယံရှိပြီး၊ ယင်းမှာ ၂၀၂၁-၂၀၂၄ ခုနှစ်အတွင်းက သမိုင်း ဝင်စံနှုန်းများနှင့်ကိုက်ညီမှုရှိကြောင်း အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ(IEA)က မှတ်ချက်ပြုထားပါသည်။၂၀၂၆ ခုနှစ်အစပိုင်း၌ ဖော်ပြခဲ့သော အဆင့်များထက် လျော့နည်းသွားရခြင်းမှာ ရေနံစည်သန်း ၄၀၀ ထုတ်လွှတ်ရန် ကြေညာချက်အရ ယင်းပမာဏ၏ ၆၃ ရာခိုင်နှုန်းကို ဇွန်လလယ်ပိုင်းတွင် အစိုးရအရန်သိုလှောင်မှုများမှတစ်ဆင့် ဈေးကွက်အတွင်းသို့ အဓိကထားထုတ်လွှတ်ပေးခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။
(ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)