International News

စီးပွားရေးပြန်လည်ထူထောင်ရန်အတွက် ဗဟိုစင်တာအသစ်

Last Updated:

အစိုးရအဖွဲ့အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းမှ တိုင်းပြည်၏စီးပွားရေး ပြန်လည်ထူထောင်ရေးကို ကိုင်တွယ်ဆောင်ရွက်ရန် ဗဟိုစင်တာ အသစ်ဖွဲ့စည်းရေးအပေါ် ကြာသာပတေးနေ့ (၁၄-၈- ၂၀၂၀ရက်နေ့)တွင် မီးစိမ်းပြခွင့်ပြုပေးခဲ့ပါသည်။ စီးပွားရေးအခြေအနေ စီမံခန့်ခွဲရေး ဗဟိုစင်တာ (Economic Stituation administration centre)သည် Covid-19 အခြေအနေ စီမံခန့်ခွဲရေးဗဟိုစင်တာကဲ့သို့ တာဝန်ယူဆောင်ရွက် သွားမည်ဖြစ်ပြီး ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက ဉက္ကဌ အဖြစ် ဆောင်ရွက်သွားလိမ့်မည်ဖြစ်ပါသည်။

ဗဟိုစင်တာအား စီးပွားရေးဝန်ကြီးများအားလုံး၊ ပြည်ထဲရေးနှင့် အလုပ်သမားဝန်ကြီးဌာနများ၊ ထိုင်းဘဏ်၏ အုပ်ချုပ်ရေးမှူးနှင့် ပုဂ္ဂလိကအဖွဲ့ အစည်း (၃) ခုမှ ကိုယ်စားလှယ်များ ပါဝင်သောကော်မတီ (၂၂)ခုဖြင့် ဖွဲ့စည်းသွားလိမ့်မည်ဖြစ်ကြောင်း သိရှိရပါသည်။ အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (National Economic and Social Development Council)၏ အတွင်းရေးမှူးချုပ်က အဆိုပါဗဟိုစင်တာ၏ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်လိမ့်မည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။ ကပ်ရောဂါသည် အဓိကစီးပွားရေးအပေါ် အထောက်အကူပြုပါဝင် ပံ့ပိုးပေးနေသည့်ပို့ကုန်ကဏ္ဍနှင့် ခရီးသွားကဏ္ဍတို့အပေါ်သာမက ပြည်တွင်းအလုပ်လက်မဲ့နှင့် SMEs လုပ်ငန်းများအပါ အဝင် ကဏ္ဍအားလုံး နီးပါးကို အကြီးအကျယ် ထိခိုက်စေခဲ့ကြောင်း ဝန်ကြီးချုပ် ပရာယွတ် ကပြောကြားခဲ့ပါသည်။ ပို၍ဆိုးဝါးသည်မှာ ယခုနှစ်ထိုင်းနိုင်ငံသို့ လာသော နိုင်ငံခြားသားဧည့်သည်မှာ ယခင်က သန်း(၄၀)ရှိခဲ့ရာမှ ယခုနှစ်တွင် (၂-၃)သန်းသို့ ကျသွားနိုင်ကြောင်း သိရှိရပါသည်။

အစိုးရ၏ ဒုတိယအဆင့်ပြောရေးဆိုခွင့်ရှိသူ Rachada Dhnadirek က ဗဟိုစင်တာ အနေဖြင့် စီးပွားရေးပြဿနာများအတွက် ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်မည့် အဆိုပြုလွှာများနှင့် အစိုးရ၏ စီးပွားရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အစိုးရအဖွဲ့အနေဖြင့် စီးပွားရေးစီမံခန့်ခွဲမှုအတွက် ကော်မတီဖွဲ့စည်းရန်ကိုလည်းအတည်ပြုပေးခဲ့ပါသည်။ ဤအဖွဲ့ကို ဉက္ကဌအဖြစ် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၏ အကြံပေး Palin Chuchotthaworn နှင့် ယခင်သယ်ယူပို့ဆောင်‌ရေးဝန်ကြီးဟောင်းတို့က ဉီး ဆောင်သွားလိမ့်မည်ဖြစ်ပါသည်။

စီးပွားရေးနှင့် လူမှုပြန်လည်ထူထောင်ရေးအတွက် အစိုးရ၏ ဘတ်ဂျက် (၄၀၀)ဘီလီယံ အောက်ရှိ ဘတ်ငေွ(၁.၁၁)ဘီလီယံတန်ဖိုးရှိ စီမံကိန်း (၃) ခုအားလည်း အစိုးရအဖွဲ့က လက်မှတ်ရေးထိုးပေးခဲ့ပါသည်။ ထို့အပြင် အစိုးရအဖွဲ့မှ မိုးခေါင်ခြင်းနှင့်ရေကြီးခြင်းတို့အတွက် ကာလလတ်နှင့် နှစ်ရှည်ဆောင်ရွက်ရန် အခြားသော ဘတ်ငွေ(၁၁.၈)ဘီလီယံကိုလည်း ထပ်မံအတည်ပြု ခွင့်ပြုပေးခဲ့ပါသည်။ ဧပြီလတွင် ဘတ်ငွေ(၁)ထရီလီယံ ချေးငွေအတွက် တော်ဝင်အမိန့်ပြန်တမ်းကို ထုတ်ပြန်ပေးခဲ့ပြီး ထိုအထဲမှ ဘတ်ငွေ(၆၀၀)ဘီလီယံသည် အလုပ်အကိုင်များနှင့် စီးပွားရေး လုပ်ငန်းများ ထိခိုက်ခံစားခဲ့ရသောသူများအတွက် ဘဏ္ဍာရေးအထောက်အပံ့နှင့် ကျန်းမာရေးနှင့် ဆက်နွယ်နေသော အစီအစဉ်များအတွက်ဖြစ်ပြီး ဘတ်ငွေ(၄၀၀)ဘီလီယံမှာ စီးပွားရေးနှင့် လူမှုပြန်လည်ထူထောင်ရေးတို့အတွက် အလုပ်အကိုင်များဖန်တီးပေးရန်နှင့် အဖွဲ့အစည်းများအား ပိုမို ခိုင်မာအားကောင်းလာစေရေးနှင့် အခြေခံအဆောင်အဉီများ တည်ဆောင်ရေးတို့အတွက် စီမံကိန်းများ ဆောင်ရွက်ရန်ဖြစ်ပါသည်။

ဘတ်ငေွ (၆၀၀) ဘီလီယံ ခွဲဝေထားသည့်အထဲမှ ဘတ်ငွေ(၅၅၀)ဘီလီယံမှာ ဗိုင်းရပ်စ်ဘေး ဒါဏ်ခံစားရသောသူများအတွက် ငွေကြေး ထောက်ပံ့ရန်နှင့် ကျန်ငွေမှာ ကျန်းမာရေး အသုံးစရိတ်အတွက်ဖြစ်ပါသည်။ ထိုင်းကုန်သည်ကြီးများအသင်းဉက္ကဌ Kalin Sarasin က ပုဂ္ဂလိကများ အနေဖြင့် စီးပွားရေး ပြန်လည်နာလန်ထူလာစေရန် အရေးပေါ်အစီအမံများ၊ ဝင်ငွေ မညီမျှမှုအပေါ် လျှော့ချရန်ကိစ္စရပ်များ၊  အလုပ်လက်မဲ့များ အတွက် ထိန်းချုပ်ရန်ကိစ္စရပ်များ၊ ပြည်တွင်းခရီးသွားလုပ်ငန်း အားပေးလှုံ့ဆော်ရန်ကိစ္စရပ်များနှင့် SMEsများအား အထောက်အပံ့ပေးမည့် အစီ အမံများတို့အား နောက်အပတ်ဗုဒ္ဗဟူးနေ့တွင် ကျင်းပမည့် စီးပွားရေးအခြေအနေ စီမံခန့်ခွဲရေးဗဟိုစင်တာ၏  ပထမဆုံးအစည်းအဝေးတွင် အဆိုပြုတင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထိုင်းကုန်သည်ကြီးများအသင်းတက္ကသိုလ် ဉက္ကဌ Thanavath Phonvichai က ကိုရိုနာဗိုင်းရပ်စ်ဆက်လက်ပျံ့နှံ့နေပြီး ကာကွယ်ဆေး မရရှိနိုင် သရွေ့ စီးပွားရေးပြန်လည်ရှင်သန်ရန် ကြိုးပမ်းမှုများသည် မြင့်မားသောတောင်များကို တက်သကဲ့သို့ ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ ပို၍အရေးကြီး သည်မှာ နိုင်ငံရေးအရ ချီတက်ဆန္ဒပြမှုများသည် စီးပွားရေးပြန်လည်ထူထောင်ရန် အစိုးရ၏ရုန်းကန်မှုများကို ပိုမိုဆိုးဝါးစေကြောင် းMr. Thanavath ကပြောကြားခဲ့ပါသည်။

 

Source:Bangkok Post

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News