International News

ဆော်ဒီအာရေဗီးယားနိုင်ငံက သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အများစုကို ပြည်ပမှတင်သွင်း

Last Updated:

ကမ္ဘာ့ဈေးကွက်တွင် သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များကို အဓိကတင်သွင်းသူ (leading importer) ဖြစ်သည့် ဆော်ဒီအာရေဗီးယားနိုင်ငံသည် ၎င်း၏ဈေးကွက်ရှိ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ၏ (၇၂.၄) ရာခိုင်နှုန်းကို ပြည်ပမှတင်သွင်းခဲ့ကြောင်း သိရပါသည်။ Euromonitor ၏ အချက်အလက်များအရ ဆော်ဒီအာရေဗီးယားနိုင်ငံ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ဈေးကွက်မှာ အမေရိကန်ဒေါ်လာ (၂) ဘီလျံခန့်ရှိပြီး အရှေ့အလယ်ပိုင်းနှင့် အာဖရိကဒေသတို့၌ အဆင့် (၄) နေရာတွင် ရပ်တည်နေပါသည်။

သို့ရာတွင် ၂၀၂၂ ခုနှစ်အတွင်း ဆော်ဒီအာရေဗီးယားနိုင်ငံသည် ပြည်တွင်း၌ ထုတ်လုပ်သည့် ထွက်ကုန်များအား ပြည်ပမှတင်သွင်းမှုအပေါ် အခွန်နှုန်းထားများ မြှင့်တင်ဆောင်ရွက်ခဲ့ပါသည်။ ထို့ကြောင့် ခရမ်းသီး၊ သခွားသီး၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ဖရဲသီး၊ သခွားမွှေး၊ မုန်လာဥနီစသည့် သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက် သွင်းကုန်များအပေါ် အခွန်နှုန်းထား (၁၀) ရာခိုင်နှုန်းမှ (၁၅) ရာခိုင်နှုန်းသို့ တိုးမြှင့်ခဲ့ကြောင်း သိရပါသည်။

၂၀၂၁ ခုနှစ်တွင် စပိန်နိုင်ငံသည် ဆော်ဒီအာရေဗီးယားနိုင်ငံသို့ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တန်ချိန် (၅၀၁၅၅)၊ တန်ဘိုးအားဖြင့် ယူရို (၅၆.၅) သန်းဖိုး တင်ပို့ခဲ့ရာ ဆော်ဒီဈေးကွက်သည် စပိန်နိုင်ငံအတွက် ဥရောပပြင်ပ၌ အရေးအကြီးဆုံး ပို့ကုန်ဈေးကွက် ဖြစ်လာခဲ့ပါသည်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့တွင် စတင်ကျင်းပခဲ့သည့် World Fresh Forum တွင် ဆော်ဒီအာရေဗီးယားနိုင်ငံ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ဈေးကွက် အလားအလာနှင့် အခွင့် အလမ်းများကို ဆွေးနွေးခဲ့ပါသည်။အဆိုပါဖိုရမ်တွင်ဆော်ဒီအာရေဗီးယား၊ ဗီယက်နမ်၊ကနေဒါနှင့် ယူအေအီးနိုင်ငံဈေးကွက်များကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

 

 

ကျော်စိန်ဝင်း (MYANTRADE)

 

ရင်းမြစ်: https://www.freshplaza.com/,  fepex.es

Category: International News