International News

ဇိမ်ခံပစ္စည်းများ (Luxury Goods)အား ပစ်မှတ်ထား၍ စည်းကြပ်ကောက်ခံရန် အချိန်ယူ စဉ်းစားလျက်ရှိသော ထိုင်းနိုင်ငံ၏ တန်ဖိုးမြှင့်အခွန်(Value-added Tax)

Last Updated:

ထိုင်းနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနသည် အလွှာ ၂ ထပ်ပါဝင်သည့်တန်ဖိုးမြှင့် အခွန် (Value-added Tax)စည်းကြပ်ကောက်ခံမည့်စနစ်တစ်ခုကို စဉ်းစားလျက်ရှိပါသည်။

ထိုင်းနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာန (Finance Ministry) သည် ထိုင်းဘတ်ငွေ ၁၀၀ ဘီလီယံထက်ပို၍ အခွန်ဝင်ငွေထပ်မံရရှိနိုင်မည်ဖြစ်သော အလွှာ ၂ ထပ်ပါ တန်ဖိုးမြှင့် အခွန်နှုန်းထား (A Two-Tier Value-added Tax Rate) တစ်ခုကို စတင်မိတ်ဆက် ကောက်ခံသွားရန် အချိန်ယူစဉ်းစားလျက်ရှိသည်ဟု ဝန်ကြီးဌာနမှ အမည်မဖော်လို သော တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

ဘဏ္ဍာရေးမူဝါဒရုံး (Fiscal Policy Office) သည် အဆိုပါအလွှာ ၂ ထပ်ပါ တန်ဖိုးမြှင့် အခွန်စနစ် (A Two-Tier Value-added Tax System) အား လွန်ခဲ့သော အချိန်ကတည်းကပင် လေ့လာနေခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါအခွန် စနစ်သည် ဇိမ်ခံပစ္စည်းများ (Luxury Items) အတွက် ပိုမိုမြင့်မားသည့်နှုန်းထားတစ်ခုနှင့်အတူ အထွေထွေကုန်စည်များနှင့် ဝန်ဆောင်မှုများ (General Goods and Services) အတွက် လက်ရှိစည်းကြပ်ကောက်ခံလျက်ရှိသည့် VAT နှုန်းထား ၇ ရာခိုင်နှုန်းကို ဆက်လက် အသုံးပြုသွားမည်ဟု အဆိုပါသတင်းရင်းမြစ်မှ သိရှိရပါသည်။

လေ့လာမှုများအရ အဆိုပါအခွန်စနစ်သည် ထိုင်းနိုင်ငံအတွက် ထိုင်းဘတ်ငွေ ၁၀၀ ဘီလီယံထက်ပိုသော ထပ်တိုးအခွန်ဝင်ငွေကို ဖြစ်ပေါ်ရရှိစေနိုင်သည်ဟု ခန့်မှန်းထား ကြောင်းနှင့် အချို့သောနိုင်ငံများ၌ ထိုကဲ့သို့သော အလွှာ ၂ ထပ်ပါတန်ဖိုးမြှင့် အခွန်နှုန်းထား (A Two-Tier Value-added Tax Rate) ကို အသုံးပြုကြကြောင်း သိရှိရပါသည်။

အဆိုပါအလွှာ ၂ ထပ်ပါနှုန်းထားသည် ထိုင်းနိုင်ငံသားအများစုအား ကြီးမားစွာထိခိုက်စေမည့်အကျိုးသက်‌ရောက်မှုရှိစေမည်ဟု မထင်ကြောင်းနှင့် အဘယ်ကြောင့်ဆိုသော် ထိုင်းနိုင်ငံသားအများစုသည် လက်တွေ့တွင် လက်ရှိတန်ဖိုးမြှင့်အခွန် (VAT) နှုန်းထားဖြင့် ကောက်ခံနိုင်ဖွယ်ရှိသည့် အထွေထွေကုန်စည်များနှင့် ဝန်ဆောင်မှုများကိုသာ ဝယ်ယူသုံးစွဲကြသူများဖြစ်ကြကြောင်း သိရှိရပါသည်။ အရက်သေစာ (Liquor) သို့မဟုတ် ဆေးလိပ် (Cigarettes) ကဲ့သို့သော အချို့ကုန်ပစ္စည်းများကိုသာ ပိုမို မြင့်မားသော အခွန်နှုန်းထားဖြင့် ကောက်ခံသွားဖွယ်ရှိပါသည်။

ထိုင်းနိုင်ငံအနေဖြင့် လက်ရှိစည်းကြပ်ကောက်ခံလျက်ရှိသည့် တန်ဖိုးမြှင့်အခွန် (VAT) အမြင့်ဆုံးနှုန်းထားမှာ ၁၀ရာခိုင်နှုန်း ဖြစ်ပြီး ၁၉၉၂ ခုနှစ်တွင် ပြည်တွင်းထုတ်ကုန် (Domestic Product) များနှင့် တင်သွင်းကုန်စည် (Imported Good) များအတွက် တန်ဖိုးမြှင့် အခွန် (VAT) ကောက်ခံသည့်စနစ်ကို စတင်လုပ်ဆောင်ခဲ့ပါသည်။

ထိုင်းနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနသည် တန်ဖိုးမြှင့်အခွန် (VAT) တိုးမြှင့်ကောက်ခံခြင်းကို မကြာခဏအဆိုပြုလုပ်ဆောင်ခဲ့ကြောင်း သိရှိရသော်လည်း နိုင်ငံ၏ စီးပွားရေး သို့မဟုတ် နိုင်ငံရေးအခြေအနေသည် အခွင့်မသာသည့်အခါ အဆိုပါ လုပ်ဆောင်မှုသည် အများပြည်သူတို့အပေါ် အကျိုးသက်ရောက်မှုသည် ဆိုးကျိုးများသာ ဖြစ်ပေါ်စေခဲ့သည်ဟု ဆိုပါသည်၊ ထိုင်းနိုင်ငံသည် တစ်ဦးချင်းဝင်ငွေခွန် (Personal Income Tax) အုပ်စုအား ၃၇ ရာခိုင်နှုန်း မှ ၃၅ ရာခိုင်နှုန်း အထိ လျော့ချ၍ လည်းကောင်း၊ ကော်ပိုရိတ်ဝင်ငွေခွန် (Corporate Income Tax) နှုန်းထားအား ၃၀ ရာခိုင်နှုန်းမှ လက်ရှိအများဆုံးနှုန်းထား ၂၀ ရာခိုင်နှုန်း အထိလည်းကောင်း နှုန်းထားများလျော့ချပေးခြင်းဖြင့် ၎င်း၏ အခွန်စည်းကြပ်ကောက်ခံမှုပုံစံကို ကြိမ်ဖန်များစွာ ပြောင်းလဲခဲ့ပါသည်။

ထိုင်းနိုင်ငံအစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ပိုမိုကြီးမားသည့် အသုံးစရိတ်ကို ထမ်းပိုးထားရပြီး ထိုကဲ့သို့သော ခက်ခဲသည့်စီးပွားရေးအခြေအနေတွင် အခွန်တိုးမြှင့်ကောက်ခံရန် မဖြစ်နိုင်သည့်အတွက် အဆိုပါအလွှာ ၂ ထပ်ပါ တန်ဖိုးမြှင့်အခွန်စနစ် (A Two-Tier Value-added Tax System) ကို ကျင့်သုံး ကောက်ခံ သွားရမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့်နှစ်နှစ်အတွင်း ထိုင်းနိုင်ငံအစိုးရအနေဖြင့် ကိုဗစ်-၁၉ ကြောင့် ထိခိုက်နစ်နာခဲ့ရသော စီးပွားရေးလုပ်ငန်းများအား သက်သာစေရန်အတွက် ထိုင်းဘတ်ငွေ ၁.၅ ထရီလီယံချေးငှားပေးရန် အရေးပေါ်ချေးငွေဒီဂရီနှစ်ခု (Two Emergency Loan) ကို စတင်ခွင့်ပြုပေးခဲ့ကြောင်းနှင့် ထိုသို့လုပ်ဆောင်ပေးမှုကြောင့် ထိုင်းနိုင်ငံအစိုးရ၏ ပြည်သူ့ကြွေးမြီနှင့် GDP အချိုး (Public Debt-to-GDP Ratio) အမြင့်ဆုံး သတ်မှတ်ချက်မှာ ၆၀ ရာခိုင်နှုန်း မှ ၇၀ ရာခိုင်နှုန်းသို့   ဖြစ်လာခဲ့ပြီး ကြွေးမြီ ဝန်ထုပ်ဝန်ပိုးလည်း မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။ ထိုင်းနိုင်ငံအစိုးရ၏ ပြည်သူ့ ကြွေးမြီနှင့် GDP အချိုး (Public Debt-to-GDP Ratio) သည် ယခုနှစ် ဇူလိုင်လတွင် ၆၀.၈ ရာခိုင်နှုန်း ရှိခဲ့ပါသည်။

၂၀၁၄ ခုနှစ်တွင် Yingluck Shinawatra အစိုးရပြိုလဲသွားပြီးနောက်  ထိုင်းနိုင်ငံ၏ တပ်မတော်အစိုးရသည် သမမျှတသည့် အခွန်စည်းကြပ် ကောက်ခံမှုစနစ်ဖြစ်လာစေရေး၊ အခွန်လျော့နည်းဆုံးရှုံးမှု ဆိုင်ရာလမ်းကြောင်းများအား ရှာဖွေပိတ်ဆို့ ဖာထေးခြင်းနှင့် ထိုင်းနိုင်ငံအစိုးရ၏ ဝင်ငွေတိုးတက်စေရေးတို့ကို လုပ်ဆောင်ခဲ့ပြီး ဝင်ငွေနည်းပြည်သူများအား အခွန်ဆိုင်ရာဝန်ထုပ်ဝန်ပိုး မဖြစ်စေရေးအပါအဝင် အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှုအတွက် ရည်မှန်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရပါသည်။ သို့သော် လက်ရှိအစိုးရလက်ထက်တွင် အခွန်ကောက်ခံမှုအသစ်များ စတင်လုပ်ဆောင်ထားသော်လည်း အခွန်ကင်းလွတ် သက်သာခွင့်များပေးအပ်ထားခြင်းကြောင့် သိသာထင်ရှားသည့် အခွန်ဝင်ငွေထပ်မံတိုးတက်ရရှိခြင်း မရှိသေးကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံသည် ပြီးခဲ့သည့်နှစ်၊ စက်တင်ဘာလတွင် အီလက်ထရောနစ် ဝန်ဆောင်မှုအခွန်ဥပဒေ (E-Service Tax Law) ကို စတင်ပြဋ္ဌာန်း ကောက်ခံခဲ့ပြီး ထိုင်းနိုင်ငံအတွင်းရှိ အွန်လိုင်းဝန်ဆောင်မှု (Online Service) ပေးသည့် နိုင်ငံခြားမှ စီးပွားရေးလုပ်ငန်းအော်ပရေတာ (Overseas Business Operator) များကို ၎င်းတို့၏ နှစ်စဉ်ဝင်ငွေ ဘတ် ၁.၈ ဘီလီယံထက် ကျော်လွန်ပါက တန်ဖိုးမြှင့်အခွန် (VAT) ၇ ရာခိုင်နှုန်း ပေးဆောင်စေခဲ့ပါသည်။ ထိုင်းနိုင်ငံ၊ အခွန်ဌာနအနေဖြင့် ဘဏ္ဍာနှစ် ၂၀၂၂ ခုနှစ်၏ ပထမ ၁၀ လအတွင်း အီလက်ထရောနစ်အခွန် (E-Service Tax) ကောက်ခံခြင်းမှ ထိုင်းဘတ်ငွေ ၆ ဘီလီယံ နီးပါးရရှိခဲ့ပြီး ရည်မှန်းချက်ထက် ဘတ် ၉၅၁ သန်း ကျော်လွန်ကောက်ခံနိုင်ခဲ့ပါသည်။ အလားတူကာလအပိုင်းအခြားတွင် အခွန်ဌာနသည် စုစုပေါင်းအခွန်ကောက်ခံရရှိမှု ဘတ် ၁.၆၇ ထရီလီယံ ကောက်ခံရရှိခဲ့ပြီး ၎င်းတို့အနက် ဘတ် ၇၆၆ ဘီလီယံမှာ တန်ဖိုးမြှင့် အခွန် (VAT) စည်းကြပ်‌ကောက်ခံခြင်းမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါကာလအတွင်း တန်ဖိုးမြှင့်အခွန် (VAT) ဝင်ငွေ ရရှိမှုသည် ၎င်း၏ ရည်မှန်းချက်ထက် ၁၈.၅ ရာခိုင်နှုန်း ထက်ပိုခဲ့ပြီး ပြီးခဲ့သည့်နှစ် အလားတူ ကာလထက် ၁၇.၃ ရာခိုင်နှုန်း ပိုမိုမြင့် ကောက်ခံရရှိခဲ့ကြောင်း သိရှိရပါသည်။

 

 

 

Source: Bangkok Post

 

 

 ( ပြည့်ဖြိုးအောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန)

 

      

 

Category: International News