International News

တောင်ကိုရီးယား၌ အစားအစာနှင့် အဖျော်ယမကာစျေးနှုန်းများသည် ၂၀၂၁ တတိယသုံးလပတ်တွင် (၅) ရာခိုင်နှုန်းခန့်တိုးမြင့်လာ

Last Updated:

တောင်ကိုရီးယားနိုင်ငံ၌ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှ စက်တင်ဘာလ (တတိယသုံးလပတ်ကာလ) တွင် အစားအစာနှင့် အရက်မဟုတ်သော အဖျော်ယမကာစျေးနှုန်းများ (Food & Beverages Prices) သည် ယခင်နှစ်ကာလတူထက် (၅) ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပြီး  Organization for Economic Cooperation and Development (OECD) အဖွဲ့ဝင် (၃၈) နိုင်ငံအနက် ပဉ္စမမြောက် စျေးနှုန်းအမြင့်ဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း ကိန်းဂဏန်းများအရ လေ့လာသိရှိရပါသည်။

Statistics Korea နှင့် OECD တို့မှ အချက်အလက်များအရ စိုက်ပျိုးရေးနှင့် ပြုပြင်ပြီးထုတ်ကုန်များ၏ ဈေးနှုန်းများမြင့်တက်မှုကြောင့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် အစား အသောက်နှင့် အဖျော်ယမကာဈေးနှုန်းများသည် (၆.၁) ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး၊ (၉) နှစ်တာအတွင်း အမြင့်ဆုံးအနေအထားဖြစ်ကြောင်း၊ ယင်းအစားအသောက် နှင့် အဖျော်ယမကာများ၏ သုံးလပတ်စျေးနှုန်းတိုးတက်မှုသည် ယခင်နှစ်ကာလတူထက် (၂.၆) ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့သည့် စုစုပေါင်းစားသုံးသူစျေးနှုန်း (Overall Consumer Price) ထက်ပင် မြင့်မားခဲ့ကြောင်း သိရှိရပါသည်။ တောင် ကိုရီးယားနိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းသည် OECD နိုင်ငံများအကြားအဆင့် (၂၃) တွင် ရပ်တည် လျက်ရှိသဖြင့် တည်ငြိမ်သည်ဟုဆိုနိုင်သော်လည်း ၂၀၂၁ ခုနှစ်၊ တတိယသုံးလပတ်၏ Food & Beverages စျေးနှုန်းများက မြင့်တက်လျက်ရှိပါသည်။ အဆိုပါကုန်စည်များ နှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ်၊ တတိယ သုံးလပတ်တွင် တူရကီနိုင်ငံသည် (၂၇.၆) ရာခိုင်နှုန်းဖြင့် အဆိုးရွားဆုံးမြင့်တက်ခဲ့ပြီး၊ ကိုလံဘီယာနိုင်ငံက (၁၁.၆) ရာခိုင်နှုန်း၊ သြစတြေးလျနိုင်ငံက (၁၀.၆) ရာခိုင်နှုန်း၊ မက္ကဆီကိုနိုင်ငံက (၈) ရာခိုင်နှုန်းဖြင့် အသီးသီး မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

တောင်ကိုရီးယားနိုင်ငံတွင် ကုန်စည်အမယ်အလိုက် ယခင်နှစ်ကာလတူထက် စျေးနှုန်းများကြီးမြင့်လာမှုတွင် ကြက်ဉစျေးနှုန်းသည် (၅၁.၆) ရာခိုင်နှုန်း၊ သစ်တော်သီးစျေးနှုန်း သည် (၄၅.၂) ရာခိုင်နှုန်း၊ ပန်းသီးစျေးနှုန်းသည် (၃၄.၆) ရာခိုင်နှုန်း၊ ဝက်သားစျေးနှုန်းသည် (၁၂.၄) ရာခိုင်နှုန်း၊ ကြက်သားစေျးနှုန်းသည် (၇.၉) ရာခိုင်နှုန်း၊ ပြည်တွင်းထုတ် အမဲသားစျေးနှုန်းသည် (၇.၇) ရာခိုင်နှုန်း၊ ပြည်ပမှတင်သွင်းသည့် အမဲသားစျေးနှုန်းသည် (၇.၃) ရာခိုင်နှုန်း စသဖြင့် စျေးနှုန်းများ အသီးသီးမြင့်တက်လျက်ရှိကြပါသည်။ Food & Beverages ဈေးနှုန်းများသည် နိုင်ငံတကာဆီဈေးနှုန်းများ မြင့်တက်နေချိန်တွင် လေးလပတ်ကာလ (၇) ခု ဆက်တိုက်မြောက်အဖြစ် ဆက်လက်မြင့်တက်နေဆဲ ဖြစ်သည့်အပြင် ရာသီဉတုအပူချိန်ပြောင်းလဲလာမှုကြောင့် ပြည်တွင်းလယ်ယာထွက်ကုန်များ၏ ထုတ်လုပ်နိုင်မှုစွမ်းရည်အရလည်း  ဈေးနှုန်းများကြီးမြင့်နေခြင်းဖြစ်ပြီး၊ ၂၀၂၁ ခုနှစ် စတုတ္ထသုံးလပတ်ကာလတွင်လည်း ဆက်လက်ကြီးမြင့်ဉီးမည်ဖြစ်ကြောင်း The Bank of Korea (BOK) က ခန့်မှန်းထားပါသည်။  

အခြားထုတ်ကုန်များနှင့် ဝန်ဆောင်မှုများတွင် စျေးနှုန်းကြီးမြင့်ခြင်းထက် အစားအသောက်နှင့် အဖျော်ယမကာများ စျေးနှုန်းကြီးမြင့်မှုသည် လူမှုအသိုက်အဝန်းကို ပိုမိုအကျိုး သက်ရောက်မှုရှိစေသဖြင့် ဤကိန်းဂဏန်းများသည် အိမ်ထောင်စုများအတွက် အချက်ပေးခေါင်းလောင်းသံများ မြည်နေသကဲ့သို့ပင် ဖြစ်ပါသည်။ ထိုသို့စျေးနှုန်းများကြီးမြင့် လာမှုကြောင့် တောင်ကိုရီးယားနိုင်ငံရှိ မိသားစုများ အကျပ်အတည်းကို စတင်ခံစားရချိန်တွင်၊ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလဆန်း၌ ကိုဗစ်-၁၉ ဗီဇကွဲ Omicron ဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိမှုပြဿနာနှင့် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ဆိုင်ရာ ပြဿနာများကလည်း ဖြစ်ပေါ်လာသဖြင့် သက်ဆိုင်ရာအစိုးရတာဝန်ရှိသူများက ရရှိနိုင်သည့် နည်းလမ်းများနှင့် မူဝါဒဆိုင်ရာ စွမ်းရည်အားလုံးကို စုစည်းဆောင်ရွက်သွားမည်” ဟုအာဏာပိုင်များက (၃-၁၂-၂၀၂၁) ရက်နေ့တွင် ထိပ်တန်းအရာရှိများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သတင်းများအရ သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Source : The Korea Herald (6-12-2021)             

Category: International News