International News

အသားထုတ်ပိုးသည့်ကုမ္ပဏီများအား စစ်ဆေးရန် အမေရိကန်သမ္မတထရမ့်က ညွှန်ကြားခဲ့

Last Updated:

တရားမဝင်ပူးပေါင်းခြင်း၊ ဈေးနှုန်းသတ်မှတ်ခြင်းနှင့် ဈေးနှုန်းကိုထိန်းချုပ်ခြင်းမှတစ်ဆင့် အမဲသားဈေးနှုန်းများမြင့်တက်စေရန် ဆောင်ရွက်နေသည့် အမဲသားထုတ်ပိုးသည့်ကုမ္ပဏီများကို စုံစမ်းစစ်ဆေးမှုစတင်ရန် တရားရေးဝန်ကြီးဌာန(Depart ment of Justice, DOJ)အား သမ္မတထရမ့်က ညွှန်ကြားခဲ့ကြောင်း သိရှိရပါသည်။ ယင်းသို့ညွှန်ကြားခဲ့ခြင်းနှင့်ပတ်သက်၍ အမေရိကန်သမ္မတက အစိုးရအနေဖြင့် အမေရိကန်မွေးမြူရေးလုပ်ငန်းများကို အမြဲတမ်းကာကွယ်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံ၏အစားအသောက်ထုတ်လုပ်ဖြန့်ဖြူးရေးလုံခြုံမှုကို ပျက်ပြားစေရန်၊ ဈေးနှုန်းများမြင့်တက်စေရန် နိုင်ငံခြားပိုင်အသားထုတ်ပိုးသည့်ကုမ္ပဏီများက ဆောင်ရွက်လျက်ရှိသော်လည်း ဈေးနှုန်းမြင့်မားခြင်းသည် အမေရိကန်မွေးမြူရေးလုပ်ငန်းရှင်များကြောင့်ဟု အပြစ်ဖို့လျက်ရှိကြကြောင်း၊ အမေရိကန်စားသုံးသူများကို ကာကွယ်ရန်နှင့် တရားမဝင်ဈေးကွက်ထိန်းချုပ်မှုများကို တိုက်ဖျက်ရန်၊ ယင်းကုမ္ပဏီကြီးများက အမေရိကန်နိုင်ငံသားများအပေါ် အမြတ်ထုတ်ခြင်းမပြုနိုင်ရန် ချက်ချင်းအရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်းဖြင့် သမ္မတထရမ့်က ၎င်းပိုင်လူမှုကွန်ရက် “TruthSocial” ၌ ရေးသားဖော်ပြခဲ့ပါသည်။ ထို့အပြင် နှစ်ပေါင်းများစွာကပင် လက်တစ်ဆုပ်စာသာရှိသော ကုမ္ပဏီကြီးများသည် အမေရိကန်ကျွဲ၊ နွားမွေးမြူရေးလုပ်ငန်းများ လျော့နည်းလာစေရန်၊ တိရစ္ဆာန်အုပ်များနည်းပါးလာစေရန်နှင့် ကုန်စုံ ဆိုင်များရှိ ဈေးနှုန်းများမြင့်တက်စေရန်ဆောင်ရွက်လျက်ရှိကြောင်း၊အသားထုတ်ပိုးသည့် ကုမ္ပဏီကြီး(၄)ခုဖြစ်သော JBS (Brazil)၊ Cargill ၊ Tyson Foods နှင့် National Beef တို့သည် အမေရိကန်အမဲသားဈေးကွက်၏ (၈၅)ရာခိုင်နှုန်းကိုထိန်းချုပ်ထားပြီး ယင်းကုမ္ပဏီများအနက် ကုမ္ပဏီ (၂)ခုမှာ နိုင်ငံခြားပိုင် သို့မဟုတ် နိုင်ငံခြားပိုင်ဆိုင်မှုနှင့် ထိန်းချုပ်မှုသိသာစွာပါဝင်နေသည့် ကုမ္ပဏီများဖြစ်ကြောင်း၊ မွေးမြူရေးကဏ္ဍရှိလုပ်ငန်းများကို စုစည်းဖွဲ့စည်းခြင်းကြောင့် ယှဉ်ပြိုင်မှုကို လျော့ကျစေကာ ကျွဲ၊ နွားမွေးမြူရေးကိုပါထိခိုက်စေပြီး အမေရိကန်စားသုံးသူများ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့်မွေးမြူရေးလုပ်ငန်းများကို အသုံးချအမြတ်ထုတ်လျက်ရှိကြောင်းဖြင့် အမေရိကန်သမ္မတအိမ်ဖြူတော်က ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

Source: White House

(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News