International News

ထိုင်းနိုင်ငံ၊ အခွန်ဌာနက အခွန်ဆိုင်ရာပွင့်လင်းမြင်သာမှုနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ပြုစုရေးဆွဲလျက်ရှိ

Last Updated:

ထိုင်းနိုင်ငံ၊ အခွန်ဌာနသည် နိုင်ငံအတွက် အခွန်ပိုမိုကောက်ခံရရှိနိုင်ရေး ရည်ရွယ်၍ အခွန်ဆိုင်ရာပွင့်လင်းမြင်သာမှုရှိစေရန် ဥပဒေကြမ်းပြုစုရေးဆွဲလျက်ရှိပါသည်။

ထိုင်းနိုင်ငံ၊ အခွန်ဌာန (Revenue Department) သည် ပြည်တွင်းနေ နိုင်ငံခြားကုမ္ပဏီ/အဖွဲ့အစည်း (Non-Resident) များ၏ ဘဏ္ဍာရေးဆိုင်ရာစာရင်းအချက်အလက်များအား ဖလှယ်ခြင်းဆိုင်ရာဥပဒေကြမ်းတစ်ခုကို ထိုင်းနိုင်ငံအစိုးရအဖွဲ့သို့ အဆိုပြုတင်ပြရန် စီမံဆောင်ရွက်လျက်ရှိသည်ဟု အခွန်ဌာန၏ ညွှန်ကြားရေးမှူးချုပ် Lavaron Sangsnit က ပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့်စက်တင်ဘာလ ၆ ရက်နေ့တွင် ထိုင်းနိုင်ငံလွှတ်တော်က Multilateral Competent Authority Agreement on Automatic Exchange of Financial Account Information အား လက်မှတ်‌ရေးထိုးအတည်ပြုလိုက်သည်ဟု ၎င်းက ပြောကြားခဲ့ပါသည်။

အဆိုပါသဘောတူညီချက်သည် OECD (Organization for Economic Co-operation and Development) ၏ စံနှုန်းများနှင့်အညီ ပြည်တွင်းနေ နိုင်ငံခြားကုမ္ပဏီ/ အဖွဲ့အစည်းများ၏ ဘဏ္ဍာရေးဆိုင်ရာသတင်းအချက်အလက်များအား အလိုအလျောက်ဖလှယ်ခြင်းကို ပံ့ပိုးပေးရန် စံချိန်စံညွှန်းမီ လုပ်ထုံးလုပ်နည်းတစ်ခုအားပေးအပ်ထားကြောင်း၊ပြီးခဲ့သည့်စက်တင်ဘာလ ၆ ရက်နေ့တွင် အဆိုပါသဘောတူညီချက်အား ထိုင်းနိုင်ငံလွှတ်တော်၌ တင်ပြဆွေးနွေးပြီးနောက် အခွန်ဌာနအနေဖြင့် ထိုကဲ့သို့သော ဘဏ္ဍာရေးဆိုင်ရာသတင်းအချက်အလက်များဖလှယ်ခြင်းကို အထောက်အကူပြုရန်အတွက် ဥပဒေအားအကြမ်းပြုစုရေးဆွဲခြင်းကို စတင်ပါသည်။

အဆိုပါသဘောတူညီချက်သည် ထိုင်းနိုင်ငံ၏ ပြည်တွင်းနှင့် နိုင်ငံတကာ အခွန်ဆိုင်ရာပွင့်လင်းမြင်သာမှုရှိခြင်းကို သေချာခိုင်မာစေရန်ရည်ရွယ်ထားကြောင်းသိရှိရပါသည်။ ၎င်းသည် သဘောတူညီချက်တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့်နိုင်ငံ (Signatory) များအား ပြည်တွင်းနေနိုင်ငံခြားကုမ္ပဏီ/ အဖွဲ့အစည်းများ၏ ဘဏ္ဍာရေးဆိုင်ရာသတင်းအချက်အလက်များကို တစ်နှစ်လျှင်တစ်ကြိမ် ဖလှယ်သွားရန်လိုအပ်ကြောင်း သိရှိရပါသည်။

အဆိုပါသဘောတူညီချက်တွင် ဘရူနိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံအပါအဝင် ပါဝင်လက်မှတ်ရေးထိုးထားသည့်နိုင်ငံ ၁၁၇ နိုင်ငံရှိပါသည်။ ဥပဒေစတင်အကျိုးသက်‌ရောက်ပြီးသည်နှင့် ထိုင်းနိုင်ငံအနေဖြင့် အဆိုပါသဘောတူညီချက်၌ ပါဝင်လက်မှတ်ရေးထိုးထားသည့် နိုင်ငံများနှင့်အတူ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် ဘဏ္ဍာရေးဆိုင်ရာသတင်းအချက်အလက်များ ဖလှယ်ခြင်းကို စတင်သွားရန် မျှော်မှန်းထားကြောင်းသိရှိရပါသည်။ အဆိုပါ လုပ်ဆောင်မှုသည် အခွန်ဆိုင်ရာပွင့်လင်းမြင်သာမှုကို မြှင့်တင်ခြင်းနှင့် အခြားနိုင်ငံများနည်းတူ နိုင်ငံတကာစံနှုန်းများနှင့်အညီ အခွန်ကောက်ခံသည့် အလေ့အကျင့်များနှင့် စပ်လျဉ်း၍ သမမျှတသော ပြုမူလုပ်‌ဆောင်မှုအဖြစ် ရည်မှန်းထားပါသည်။

ထိုင်းနိုင်ငံ၊ အခွန်ဌာနသည် အစောပိုင်းကာလများတွင် အခွန်ကောက်ခံမှုဆိုင်ရာ ရည်ရွယ်ချက်အတွက် ပြည်တွင်းနေနိုင်ငံခြား ကုမ္ပဏီ/အဖွဲ့အစည်းများ၏ ဘဏ္ဍာရေးဆိုင်ရာသတင်းအချက်အလက်များကို မျှဝေရန် နိုင်ငံပေါင်း ၁၆၀ ဖြင့် အခွန်ကိစ္စရပ်များတွင် နှစ်ဦးနှစ်ဖက် စီမံအုပ်ချုပ်မှုဆိုင်ရာအထောက်အကူပေးအပ်နိုင်ရန် လက်မှတ်ရေးထိုးခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါပြုမူ ဆောင်ရွက်မှုသည် ပြီးခဲ့သည့် စက်တင်ဘာလက ပြဋ္ဌာန်းခဲ့သော ထိုင်းနိုင်ငံ၏ အီလက်ထရောနစ်ဝန်ဆောင်မှုဥပဒေ (E-Service Tax Law) ၏ မိတ်ဆက်အစပြုမှုနှင့်အညီ လုပ်ဆောင်ခြင်းလည်းဖြစ်ပါသည်။

အဆိုပါဥပဒေသည် တန်ဖိုးမြှင့်အခွန် (Value-added Tax-VAT) ပေးဆောင်ရေးအတွက် မှတ်ပုံတင်စာရင်းပေးသွင်းရန် ထိုင်းနိုင်ငံရှိ တန်ဖိုးမြှင့်အခွန်ပေးဆောင်ရခြင်းမရှိသော Customer များအား အီလက်ထရောနစ်ဝန်ဆောင်မှုများပေးအပ်ခြင်းမှ တစ်နှစ်လျှင် ထိုင်းဘတ်ငွေ ၁.၈ သန်းနှင့်အထက် ဝင်ငွေရရှိနေသည့် ပြည်ပနိုင်ငံများမှ အီလက်ထရောနစ်ဝန်ဆောင်မှုပေးအပ်သူ (E-Service Provider) များနှင့် ပလက်ဖောင်း (Platform) များအတွက် သတ်မှတ်ပြဋ္ဌာန်းထားခြင်းဖြစ်ပါသည်။

 

 

Source: Bangkok Post (9 Sep 2022)

 

( ပြည့်ဖြိုးအောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန)

Category: International News