International News

ဒေသတွင်းတိုးတက်မှုအတွက် ခန့်မှန်းချက်များကို ADB က အဆင့်လျှော့ချ

Last Updated:

ယူကရိန်းစစ်ပွဲ၊ ဆယ်စုနှစ်များစွာကြာမြင့်ခဲ့ပြီဖြစ်သော ငွေကြေးဖောင်းပွမှုကိုတိုက်ဖျက်ရန် အတိုးနှုန်းများ ဆက်တိုက်မြှင့်တင်ခဲ့ခြင်းနှင့် တရုတ်နိုင်ငံ၏ စီးပွားရေးနှေးကွေးမှုတို့ကို အကြောင်းပြု၍ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) သည် ဒေသတွင်းတိုးတက်မှုအတွက် ခန့်မှန်းချက်များကို အဆင့်လျှော့ချလိုက်သည်။

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာအခြေစိုက် ADB ဘဏ်က ဖွံ့ဖြိုးဆဲအာရှနိုင်ငံများ၏ စီးပွားရေးတိုးတက်မှုအတွက် ခန့်မှန်းချက်ကို ယခင်ခန့်မှန်းထားသည့် ၅.၂ ရာခိုင်နှုန်းမှ ၄.၃ ရာခိုင်နှုန်းသို့ ပြန်လည်ပြင်ဆင်ခဲ့ပါသည်။

ဖွံ့ဖြိုးဆဲအာရှနိုင်ငံများသည် တရုတ်နိုင်ငံထက်ပိုမိုလျင်မြန်စွာကြီးထွားလာမည်ဟု ဆယ်စုနှစ်သုံးခုအတွင်းပထမဆုံးအကြိမ်အဖြစ် ADBမှ စီးပွားရေး ပညာရှင်များက သုံးသပ်ချက် ထုတ်ပြန်ထားပါသည်။

ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေး တရုတ်နိုင်ငံသည် ယခုနှစ်တွင် ၃ ဒဿမ ၃ ရာခိုင်နှုန်းဖြင့် ချဲ့ထွင်လာခဲ့သော်လည်း ၂၀၂၁ ခုနှစ်ကထက် ၈ ဒဿမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်ပြီး  ADB ၏ ဧပြီလခန့်မှန်းထားသော ၅.၀ ရာခိုင်နှုန်းသို့ရောက်ရှိရန် ကွာခြားချက်မြင့်မားဆဲဖြစ်ကြောင်း တွေ့ရှိရပါသည်။ ကိုဗစ် ၁၉ ကပ်ရောဂါကာလအတွင်း ရောဂါထိန်းချုပ်ရေးဆိုင်ရာအစီအမံများ၊ ပိတ်ဆို့မှုများနှင့်အတူ  ပိုမိုဆိုးရွားလာခဲ့သော တရုတ်စီးပွားရေးနှေးကွေးမှုသည် ပိုမိုသိသာလာခဲ့ပြီး တိုးတက်မှုနှုန်းမှာလည်း တစ်နှစ်ထက်တစ်နှစ် ကျဆင်းလာခဲ့ပါသည်။

အိန္ဒိယနိုင်ငံနှင့် မော်လ်ဒိုက်နိုင်ငံတို့သည့် ၇ ရာခိုင်နှုန်းနှင့် ၈ ဒဿမ ၂ ရာခိုင်နှုန်းအသီးသီးဖြင့် တိုးတက်မှုအမြန်ဆုံးနိုင်ငံများအဖြစ် ခန့်မှန်းထားပါသည်။ ဘဏ္ဍာရေးအကြပ်အတည်းကြောင့် ကြွေးမြီများပေးချေရန်နှင့် သွင်းကုန်တင်သွင်းရန် အခက်အခဲများစွာကြုံတွေ့နေရသော သီရိလင်္ကာတွင် ယခင်နှစ်တိုးတက်မှုနှုန်း ၃ ဒဿမ ၃ ရာခိုင်နှုန်း ရှိခဲ့ရာမှ ယခုနှစ်တွင် ၈ ဒဿမ ၈ ရာခိုင်နှုန်း ကျုံ့သွားဖွယ်ရှိကြောင်း ခန့်မှန်းထားပါသည်။

ADB ဘဏ်ခန့်မှန်းချက်အရ အာရှနိုင်ငံများတွင် ကြုံတွေ့ရသော ငွေကြေးဖောင်းပွမှုသည် အမေရိကန်နှင့် အခြားဖွံ့ဖြိုးပြီးနိုင်ငံများထက် လျော့နည်းဖွယ်ရှိကြောင်း ခန့်မှန်းထားပြီး ၂၀၂၂ ခုနှစ်တွင် ၄ ဒဿမ ၅ ရာခိုင်နှုန်းနှင့် ၂၀၂၃ ခုနှစ်တွင် ၄ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားပြီး လျော့ကျသွားသည်ကို တွေ့ရှိရပါသည်။

ကြွေးမြီဝန်ထုပ်ဝန်ပိုး မြင့်မားခြင်းနှင့် စီးပွားရေးနှေးကွေးမှုများကြောင့် လာအိုနှင့် ပါကစ္စတန်နိုင်ငံတို့တွင် ငွေကြေးဖောင်းပွမှုနှုန်း သိသိသာသာမြင့်တက်လာခဲ့ပါသည်။

ဆန်စပါး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းများမြင့်တက်လာခြင်းသည် ကုန်ဈေးနှုန်းမြင့်တက်ရခြင်း၏ အဓိကအကြောင်းရင်းများဖြစ်ပြီး မကြာသေးမီက ကမ္ဘာ့စားနပ်ရိက္ခာနှင့် စွမ်းအင်ဈေးနှုန်းများ ကျဆင်းလာသော်လည်း ပြည်တွင်းကုန်စျေးနှုန်းများ လိုက်ပါကျဆင်းရန်အတွက် အချိန်တိုအတွင်း ဖြစ်လာမည်မဟုတ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။

အရှေ့တောင်အာရှနိုင်ငံအများစုသည် ခရီးသွားလုပ်ငန်းကို ပြန်လည်ဖွင့်လှစ်ပြီး ပြည်တွင်း ခရီးစဉ်များအပြင် ပြည်ပခရီးသွားများပါ လာရောက်နိုင်ရေးအတွက် အစီအမံများချမှတ်ဆောင်ရွက်ခြင်းဖြင့် စီးပွားရေးတိုးတက်မှုနှုန်းကို ဆက်လက်ထိန်းထားနိုင်မည်ဟု မျှော်လင့်ရသည်။ စက်တင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သော အာရှဖွံ့ဖြိုးတိုးတက်မှုအလားအလာ ၂၀၂၂  Asian Development Outlook ၂၀၂၂ ၏ နောက်ဆုံးအခြေအနေတွင် ADB က အင်ဒိုနီးရှား၊ မြန်မာနှင့် ဖိလစ်ပိုင်တို့တွင်  နယ်စပ်များကိုဗစ်ကြောင့် ပိတ်ထားခဲ့ရာမှ ယခုအခါ ပြန်လည်ဖွင့်လှစ်ပြီးနောက် ပြည်တွင်းစားသုံးသူသုံးစွဲမှု၊ ရင်းနှီးမြုပ်နှံမှုနှင့် ပြည်ပအလုပ်သမားများထံမှငွေလွှဲများဝင်ရောက်ခြင်းတို့ကြောင့် စီးပွားရေးလုပ်ငန်းများ ပိုမိုအားကောင်းလာစေ သည်ဟု ဖော်ပြထားပါသည်။

သို့သော် အဆိုပါလုပ်ငန်းများသည်လည်း အားနည်းလျက်ရှိသည်ကိုတွေ့ရှိရပြီး ဒေသတွင်းပို့ကုန်တင်ပို့မှုသည် ဇူလိုင်လနှင့် ဩဂုတ်လတို့တွင် သိသိသာသာ ကျဆင်းခဲ့ပါသည်။ ယခုနှစ် ပထမခြောက်လပတ်အထိ ဒေသတွင်း ပို့ကုန်တင်ပို့မှုသည် ယခင်နှစ်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ၁၅ ရာခိုင်နှုန်း မြင့်တက်လာသည်ကိုတွေ့ရှိရသော်လည်း ကုန်ဈေးနှုန်းမြင့်မားမှုကြောင့်သာဖြစ်ပြီး အမှန်တကယ် ပို့ကုန်တိုးတက်မှုမှာ ၅ ဒဿမ ၂ ရာခိုင်နှုန်းသာ ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ကပ်ရောဂါဖြစ်ပွားမှုကာလအတွင်း Work from Home နှင့် အွန်လိုင်းပညာရေးတို့ သုံးစွဲမှုမြင့်မားလာသောကြောင့် အီလက်ထရွန်းနစ်ထုတ်ကုန်များနှင့် ဆက်စပ်ပစ္စည်းများ၏ ဝယ်လိုအားကိုမြင့်တက်လာစေခဲ့ပြီး အခြားပို့ကုန်များကို လျော့ကျစေခဲ့ပါသည်။

 

 

 

 

လဲ့လဲ့နှင်း (MYANTRADE)

Category: International News