ရုရှားနှင့် ထိုင်းနိုင်ငံတို့သည် ဒစ်ဂျစ်တယ်ယွမ်ကို အသုံးပြု၍ ငွေပေးချေမှုလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံငွေပေးချေမှုဆိုင်ရာများကို ဖြေရှင်းနေကြောင်း၊ Chinese Renminbi Digital ပလက်ဖောင်းသည် ထိုင်းနိုင်ငံတွင် လုပ်ငန်းလည်ပတ်နေပြီး တိုက်ရိုက်ချိတ်ဆက်ရန် ခက်ခဲသော်လည်း အေးဂျင့်များမှတစ်ဆင့် ဆောင်ရွက်နိုင်ကြောင်း အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်ဆံရေးဆိုင်ရာ ရုရှားသမ္မတ၏ အထူးကိုယ်စားလှယ် Mr.Boris Titov က ရုရှား-ထိုင်းရင်းနှီး မြှုပ်နှံမှုဖိုရမ်တွင် ပြောကြားခဲ့သည်။
ရုရှား-ထိုင်း စီးပွားရေးဆက်ဆံမှုတိုးတက်မှုသည် ၂၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၂ ဘီလီယံအထိရှိခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်သည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်းတိုးတက်လာမည်ဖြစ်ပြီး ရုရှားမှ ထိုင်းသို့ ပို့ကုန် ၅၀ ရာခိုင်နှုန်းတိုးတက် လာကြောင်း၊ရုရှားရင်းနှီးမြှုပ်နှံသူများသည် ထိုင်းစီးပွားရေးလုပ်ငန်းတွင် အမေရိကန်ဒေါ်လာ ၆-၇ ဘီလီယံခန့်အထိ ရင်းနှီးမြှုပ်နှံထားကြောင်း၊ ထိုင်းနိုင်ငံတွင် ရုရှားရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုအခြေ အနေများသည် ကန့်သတ်ချက်များရှိနေဆဲဖြစ်ပြီး အဆိုပါကန့်သတ် ချက်များရုပ်သိမ်းလျှင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဆင်းလာနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လက်ရှိအခြေအနေအရ စိုက်ပျိုးရေးကဏ္ဍတွင် ကန့်သတ်ချက်အများဆုံး အစီအမံများရှိနေဆဲဖြစ်ပြီး ထိုင်းဈေးကွက်သို့ ရုရှားအသားထုတ်ကုန်များတင်ပို့ခြင်းနှင့် ရုရှားဈေးကွက်သို့ ထိုင်းရေထွက်ကုန်ပစ္စည်းတင်ပို့ခြင်းတို့ကို ထိခိုက်စေကြောင်း၊ ယင်းထုတ်ကုန်များကို လွတ်လပ်စွာစီမံပေးလျှင် သိသာထင်ရှားသည့် တိုးတက်မှုကို မြင်ရမည်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။
ယင်းအပြင် ခရီးသွားလုပ်ငန်းနှင့်စပ်လျဉ်း၍ ရုရှားလူမျိုးများသည် ဗီယက်နမ်အပါအဝင် အခြားအရှေ့တောင်အာရှနိုင်ငံများကိုလည်း လေ့လာနေကြပြီး ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ရုရှားခရီးသွား ဝင်ရောက်မှုသည် လူဦးရေ ၂ သန်းခန့်အထိ စံချိန်တင်မြင့်မားရန် မျှော်လင့်ရကြောင်း၊ ရုရှားကုမ္ပဏီများသည် ထိုင်းဟိုတယ်နှင့် အခြေခံအဆောက် အအုံဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ရုရှားနှင့် ထိုင်းနိုင်ငံအကြား ကုန်သွယ်မှုပမာဏတွင် စက်မှုထုတ်ကုန်များ၏ဝေစုသည် ၈၀ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။ စက်မှုအင်ဂျင်နီယာထုတ်ကုန်များ၊ ကုန်တွင်းသယ်ယူပို့ဆောင်ရေးဆိုင်ရာများ၊ ရေယာဉ်များ၊ ဓာတ်အားပေးစက်များ၊ ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများ၊ IT ဖြေရှင်းချက်များနှင့် သတင်းအချက်အလက်လုံခြုံရေးထုတ်ကုန်များသည် ထိုင်းနိုင်ငံသို့ တိုးတက်တင်ပို့နိုင်သည့် အလားအလာရှိသည်။
ရုရှားနိုင်ငံသည် ထိုင်းနိုင်ငံသို့ ရေနံနှင့် ရေနံထွက်ပစ္စည်း၊ ဓာတ်မြေသြဇာ၊ သံနှင့် သံမဏိ၊ အလူမီနီယံ၊ ဂျုံ၊ ကျောက်မျက်ရတနာ၊ နို့နှင့် နို့ထွက်ပစ္စည်း၊ သတ္တုနှင့် ဆောက်လုပ်ရေးပစ္စည်းများကို အဓိကတင်ပို့ပြီး ထိုင်းနိုင်ငံမှ စက်ပစ္စည်းနှင့် အစိတ်အပိုင်းများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ တာယာ၊ စည်သွတ်သစ်သီးများ၊ စည်သွတ်ပင်လယ်စာ၊ ရော်ဘာ၊ ဆန်၊ ဟင်းခတ်အမွှေးအကြိုင်များ စသည်တို့ကို အဓိကတင်သွင်းကြောင်း သိရသည်။
Source : https://tass.ru/ekonomika/25734715
(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)