International News

ပြည်တွင်းဈေးကျနေချိန်တွင် ဩစတြေးလျထောပတ်သီး စိုက်ပျိုးသူများ ဂျပန်ဈေးကွက်သို့ ဝင်ရောက်နိုင်ရန် အစိုးရကကူညီပေးလျက်ရှိခြင်း

Last Updated:

ယမန်နှစ်က ထောပတ်သီးတစ်လုံးလျှင် ဩစတြေးလျ (၁) ဒေါ်လာအောက်သို့ ကျဆင်းသွားသည့်အတွက် ယခုနှစ် ထောပတ်သီးများ ခူးဆွတ်ရတော့မည့်ချိန်တွင် ဈေးကွက်အသစ်များကိုရှာဖွေရန် ကြိုးပမ်းလျက်ရှိသည်။ ဩစတြေးလျ ထောပတ်သီးစိုက်ပျိုးသူများ အသင်းသည် ပြည်နယ်အားလုံးရှိ ထောပတ်သီးစိုက်ပျိုးသူများအား ဂျပန်စျေးကွက်သို့ဝင်ရောက်နိုင်စေရန် ကူညီပေးရန် တွန်းအား ပေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ပြီးခဲ့သည့်ရာသီတွင် ထောပတ်သီးစိုက်ပျိုးသူများသည် ကီလိုဂရမ် ၄၀၀ ရှိသော ပုံးတစ်ပုံးအတွက် ဒေါ်လာ ၃,၀၀၀ ခန့်ရရှိခဲ့ပြီး၊ မကြာသေးမီရာသီက အဆိုပါ တူညီသောပမာဏအတွက် ဒေါ်လာ ၆၀၀ ခန့်သာရရှိခဲ့သည်။ Avocados Australia ၏အမှုဆောင် အရာရှိချုပ် John Tyas က လွန်ခဲ့သည့်ငါးနှစ်အတွင်း စိုက်ပျိုးမှုအသစ်များစွာဖြင့် လုံခြုံစိတ်ချရသည့် စျေးကွက်သစ်များ ရရှိရေး သည် အရေးကြီးသောအချိန်ဖြစ်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်း တစ်နိုင်ငံလုံး ထောပတ်သီးထုတ်လုပ်မှု တန်ချိန် ၉၀,၀၀၀ ရှိခဲ့ပြီး၊ ၂၀၂၆ ခုနှစ်တွင် နိုင်ငံတစ်ဝှမ်း ထောပတ်သီးထုတ်လုပ်မှုမှာ တန်ချိန် ၁၇၀,၀၀၀ အထိ ရောက်ရှိနိုင်ရန် မျှော်မှန်းထားကြောင်း ပြော ကြားခဲ့သည်။

ဂျပန်နိုင်ငံတွင် ထောပတ်သီးစားသုံးမှုမြင့်တက်လာခဲ့သော်လည်း မက္ကဆီကိုနိုင်ငံကဲ့သို့ အခြားနိုင်ငံများမှ တင်သွင်းမှုအပေါ် မှီခိုရ လျက်ရှိရာ ဩစတြေးလျစိုက်ပျိုးသူများသည် ဂျပန်ဝယ်လက်များအတွက် ပရီမီယံထုတ်ကုန်တစ်ခုကို တင်ပြရန် အခွင့်အရေးရှိနေ ခြင်းဖြစ်သည်။ သို့သော် ဂျပန်ဈေးကွက်မှာ အရှိန်အဟုန်ဖြင့် ကြီးထွားလာခြင်းမရှိသည့်အတွက် ဈေးကွက်ဝေစုရရှိထားရေးက အဓိကဖြစ်ကြောင်း သိရှိရသည်။ ယမန်နှစ်က ဂျပန်နိုင်ငံသို့ ဩစတြေးလျ ထောပတ်သီးတင်ပို့မှုမှာ တန်ချိန် ၈,၀၀၀ သို့ စံချိန်တင် ရောက်ရှိခဲ့သည်။

ဂျပန်နိုင်ငံမှ အနောက်ဩစတြေးလျ ထောပတ်သီးမှာယူမှုများကြောင့် ဈေးကွက်တွန်းအားဖြစ်ပေါ်စေကြောင်း၊ အနောက်ဩစတြေး လျနှင့် Riverland သည် ၂၀၁၈ ခုနှစ် နှောင်းပိုင်းမှသာ ဈေးကွက်ဝင်ရောက်ခွင့်ရရှိခဲ့ပြီး၊ ကိုဗစ်ဆိုင်ရာ အနှောင့်အယှက်များကြောင့် များစွာတင်ပို့နိုင်ခဲ့ခြင်းမရှိကြောင်း လုပ်ငန်းကဏ္ဍက ပြောကြားခဲ့သည်။ ယခုအခါ ထောပတ်သီးစိုက်ပျိုးသူများသည် ပို့ကုန်အခွင့် အလမ်းကြောင့် စိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်ရန် လိုအပ်လာပြီဖြစ်သည်။  စိုက်ပျိုးသူများက လာမည့်ရာသီတွင် ထောက်ပံ့မှုကို သိသိ သာသာ တိုးမြှင့်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

သြစတြေးလျအစိုးရသည် ဂျပန်နိုင်ငံနှင့် ဇီဝလုံခြုံရေးဆိုင်ရာ ပြန်လည်ပြင်ဆင်မှုများကို ဆွေးနွေးလျက်ရှိကြောင်း သိရှိရသည်။ လောလောဆယ်တွင် ဂျပန်နိုင်ငံဈေးကွက်သို့ ကွင်းစလန်သစ်သီးပိုး (Fruit Fly) ကင်းစင်သည့် အနောက်ဩစတြေးလျ၊ တက်စမေး နီးယား၊ Riverland တို့က ဝင်ခွင့်ရရှိလျက်ရှိရာ သြစတြေးလျစိုက်ပျိုးသူများသည် ထောပတ်သီးများကို နှစ်ဝက်ခန့်သာ ထိရောက်စွာ ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း၊ အကယ်၍ ဂျပန်နိုင်ငံနှင့် ဆောင်ရွက်မည့် ထို Protocol တွင်အရှေ့ဘက်ကမ်းရိုးတန်းကို ထည့်သွင်းနိုင် ပါက ထောပတ်သီးများကို ၁၂ လ ပတ်လုံး တင်ပို့နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံသို့ တင်ပို့မှုများအတွက် "conditional non-host” ဟုခေါ်ဆိုသည့် Protocol နှင့်ကိုက်ညီရန်လိုအပ်ကြောင်း သိရှိရသည်။ Protocol အရ မမှည့်မီ အသီးအနှံများကိုရိတ်သိမ်းခြင်း၊ အအေးခံပြီး လုံခြုံစွာ ထုပ်ပိုးခြင်းကဲ့သို့သော လုပ်ငန်းစဉ်များ ပါဝင်ခြင်းဖြစ် သည်။ Mr. Loffler က Riverland ၏အစိတ်အပိုင်းအချို့တွင် Fruit Fly များပေါက်ပွားခြင်းနှင့်အတူ protocol ကိုပြန်လည်သုံးသပ် ခြင်းကို ကြိုဆိုကြောင်း၊ တစ်နေရာရာတွင် Fruit Fly တွေ့ရှိလိုက်ခြင်းဖြင့် ဈေးကွက်ဖွင့်ပြီး တစ်ပတ်အကြာတွင် ဈေးကွက်ပြန်ပိတ် သွားသည့် ပို့ကုန်ဈေးကွက်မှာ ကောင်းသည့်အခြေအနေမဟုတ်ကြောင်း ပြောကြားခဲ့သည်။

စိုက်ပျိုးရေးဝန်ကြီး David Littleproud က စိုက်ပျိုးရေးသီးနှံအများအပြားအတွက် ကန့်သတ်ချက်များကို ပြန်လည်သုံးသပ်ရန် ဂျပန် အစိုးရနှင့် ဆွေးနွေးမှုများစတင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ Avocados Australia က အစိုးရ၏ တင်ပြချက်တွင် အချက်အလက် များကို ပံ့ပိုးပေးခဲ့ကြောင်း သိရှိရသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပါဝင်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းနိုင်ရန် မျှော်လင့်ထား ကြောင်းနှင့် လုပ်ငန်းကဏ္ဍသည် ယခုအချိန်အတွင်း ရုန်းကန်ရလျက်ရှိရာ ကာလတိုအတွင်း ဆောင်ရွက်နိုင်မည်ဆိုပါက အတိုင်း ထက်အလွန်ဖြစ်ကြောင်း သိရှိရသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.abc.net.au

Category: International News