International News

မလေးရှားနိုင်ငံ၌ လယ်ယာထွက်ကုန်ပစ္စည်းအချို့၏ ပြည်တွင်းဖူလုံမှုအချိုး ၁၀၀ ရာခိုင်နှုန်းအထက်သို့ ရောက်ရှိခဲ့

Last Updated:

၂၀၂၁ ခုနှစ်တွင် မလေးရှားနိုင်ငံ၏ လယ်ယာထွက်ကုန်ပစ္စည်းအမယ် (၂၆) မျိုးအတွက် ပြည်တွင်းဖူလုံမှုအချိုး (Self-Sufficiency Ratio-SSR) မှာ ၁၀၀ ရာခိုင်နှုန်းကျော်သို့ စံချိန်တင်ရောက်ရှိခဲ့ကြောင်း မလေးရှားနိုင်ငံ၊ စာရင်းအင်းဌာန (Department of Statistics Malaysia-DOSM) ၏ ဖော်ပြချက်အရ သိရပါသည်။   

DOSM က ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် စာရင်းဇယားများအရ မလေးရှားနိုင်ငံ၌ သစ်သီးဝလံ (၁၄) မျိုးအနက် (၁၀) မျိုးသည် ပြည်တွင်းဖူလုံမှုအချိုး (၁၀၀) ရာခိုင်နှုန်းကျော်ရှိခဲ့ပြီး၊ သစ်သီးဝလံများတွင် သင်္ဘောသီး (၁၄၆.၉) ရာခိုင်နှုန်း၊ ဖရဲသီး (၁၃၉.၅) ရာခိုင်နှုန်း၊ ပိန္နဲသီး (၁၁၀.၈) ရာခိုင်နှုန်းတို့ဖြင့် ပြည်တွင်းဖူလုံမှုအချိုးရှိခဲ့ပါသည်။

သို့ရာတွင် မလေးရှားနိုင်ငံအနေဖြင့် ပြည်တွင်းသရက်သီးလိုအပ်ချက်ကို ပြည့်မီရေးအတွက် ပြည်တွင်း၌သရက်သီး စိုက်ပျိုးထုတ်လုပ်နိုင်မှုသည် ၂၀၂၀ ခုနှစ်တွင် (၂၀.၂) ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်တွင် (၁၆.၂) ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပြီး ပြည်တွင်းဖူလုံမှုအချိုး အနိမ့်ဆုံး ဖြစ်ခဲ့ပါသည်။

အလားတူ မလေးရှားနိုင်ငံသည် ဟင်းသီးဟင်းရွက်အမယ် (၁၀) မျိုးအနက် (၇)မျိုးသည် ပြည်တွင်းဖူလုံမှုအချိုး (၁၀၀) ရာခိုင်နှုန်းကျော်သို့ ရောက်ရှိခဲ့သည်ဟု ဆိုပါသည်။ ဟင်းသီးဟင်းရွက်အမယ်များအနက် ခရမ်းချဉ်သီးမှာ (၁၁၈.၉) ရာခိုင်နှုန်းဖြင့် ပြည်တွင်းဖူလုံမှုအချိုး အမြင့်ဆုံးဖြစ်ပြီး၊ ငရုတ်သီးမှာ (၂၉.၃) ရာခိုင်နှုန်းဖြင့် ပြည်တွင်းဖူလုံမှုအချိုး အနိမ့်ဆုံးဖြစ်ပါသည်။

အခြားလယ်ယာထွက်ကုန်သီးနှံများတွင် မလေးရှားနိုင်ငံ၏ ကြံသီးနှံပြည်တွင်းဖူလုံမှုအချိုးမှာ (၁၄၉.၄) ရာခိုင်နှုန်း၊ ပီလောပီနံဖူလုံမှုအချိုး (၁၀၀.၂) ရာခိုင်နှုန်း အသီးသီးရှိခဲ့ပါသည်။ မွေးမြူရေးထွက်ကုန်များအနေဖြင့် ဘဲသား (၁၃၀.၆) ရာခိုင်နှုန်းနှင့် ကြက်သား/ကြက်ဥ(၁၁၄.၄) ရာခိုင်နှုန်းတို့ဖြင့် ပြည်တွင်းဖူလုံမှုအချိုး ရှိခဲ့ပါသည်။ 

DOSM ကထုတ်ပြန်သည့် စာရင်းဇယားများအရ မလေးရှားနိုင်ငံ၌ ငါးအမျိုးအစား (၁၃) မျိုးတွင် ရေချိုငါးခူ၊ ကဏန်း၊ ငါးကွမ်းရှပ် (mackerel) ၊ ပုစွန်၊ ငါးနုသန်း (silver catfish) စသည့် ငါးအမျိုးအစား (၅) မျိုးအတွက် ပြည်တွင်းဖူလုံမှုအချိုး (၁၀၀) ရာခိုင်နှုန်းကျော်ရှိခဲ့ကြောင်း သိရပါသည်။ 

 

 

ကျော်စိန်ဝင်း (MYANTRADE)

ရင်းမြစ် https://www.theedgemarkets.com/

Category: International News